"အသည်းအစားထိုးခွဲစိတ်ကုသခဲ့သူများ ကျန်းမာရေးကောင်းမွန်လျက်ရှိ"
20 Novရန်ကုန်မြို့၊ ခုတင်-၅၀၀ အထူးကုဆေးရုံကြီးမှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၇ ရက်နဲ့ ၈ ရက်က (၃၆) ကြိမ်မြောက်နဲ့ (၃၇) ကြိမ်မြောက် ပြုလုပ်ခဲ့တဲ့ အသည်းအစားထိုးခွဲစိတ်ကုသမှုက အသည်းအစားထိုးလက်ခံသူ နှစ်ယောက်နဲ့ အသည်းအလှူရှင် ၂ ယောက်တို့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေဟာ တည်ငြိမ်ကောင်းမွန်မှုရှိတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနကနေ သိရပါတယ်။ (၃၆) ကြိမ်မြောက် အသည်အစားထိုးခွဲစိတ်ကုသမှုကို မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်က အသက် ၄၉နှစ်ရှိ အသည်းရောဂါလူနာအမျိုးသားနဲ့ အသည်းအလှူရှင် မောင်နှမဝမ်းကွဲတော်စပ်သူ အသက် ၄၃ နှစ်ရှိ အမျိုးသမီးတို့ကို ခွဲစိတ်ကုသခဲ့တာဖြစ်ပါတယ်။ အသည်းအလှူရှင်ဆီက အသည်းထုတ်ယူတာကိုတော့ နိုဝင်ဘာလ ၇ရက် မနက် ၇ နာရီ ၁၅မိနစ်အချိန်မှာ စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး မနက် ၁၁ နာရီ ၄၅ မိနစ်အချိန်မှာ အသည်းလက်ခံသူလူနာဆီကို အစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ (၃၇) ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှုအနေနဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ အသက် ၆၀ နှစ်ရှိ အသည်းရောဂါလူနာအမျိုးသမီးနဲ့ အသည်းအလှူရှင် သမီးတော်စပ်သူ အသက် ၂၅ နှစ်ရှိ အမျိုးသမီးတို့ကို နိုဝင်ဘာလ ၈ ရက်မနက်ပိုင်းမှာ ဆောင်ရွက်ခဲ့တာပါ။ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးရည်မှန်းပြီး ပြည်သူတွေ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါကင်းဝေးပြီး သက်တမ်းစေ့နေထိုင်နိုင် စေရေး၊ ကုသမှုအရည်အသွေးမြင့်မားရေးနဲ့ ပြည်သူတွေဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ်သက်သာ စေရေးတို့ကို ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ (NVS 003)