“မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၂ သိန်း ထပ်မံတင်ပို့သွားမည်”
18 Novမြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့အကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ သဘောတူညီမှု MoU အရ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၂ သိန်း ထပ်မံတင်ပို့နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ ၁၃ ရက် Online ဖြင့် ပြုလုပ်ခဲ့ကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။ အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၂ သိန်း ထပ်မံတင်ပို့နိုင်ရန် အရောင်း အဝယ်စာချုပ် (Sale Contract) စာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ဈေးနှုန်းဆိုင်ရာ ကိစ္စရပ်များအား အသေးစိတ်ညှိ နှိုင်းခဲ့ကြ ပါတယ်။ အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌနှင့်တကွ တာဝန်ရှိသူများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ministry of Food မှ အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရအကြား ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး စာချွန်လွှာအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နှစ်စဉ် ဆန်ဖြူတန်ချိန် ၂ သိန်းခွဲနှင့် ပေါင်းဆန်တန်ချိန် ၅၀,၀၀၀ ကို တင်ပို့ ရောင်းချနိုင်ပါတယ်။ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကာလတွင် ပြည်ပကို ဆန်နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန် ၂ ဒသမ ၅သန်း အထိ ရရှိရန် မျှော်မှန်းထားပါတယ်။ ပြီးခဲ့သည့်အောက်တိုဘာလကုန်ထိ မြန်မာနိုင်ငံမှ ဝယ်လက် နိုင်ငံများသို့ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၁,၃၆၂,၆၃၀ တန် တင်ပို့မှုကနေ ရရှိထားပြီး ၇ လ အတွင်း အမေရိကန်ဒေါ်လာ ၆၄၇ သန်းကျော်ရရှိထားကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ် MRF က နိုဝင်ဘာလ ၈ ရက်က ထုတ်ပြန်ထားပါတယ်။ (NVS-004)