ထိုင်းနိုင်ငံတွင် ကျင်းပမည့် ပိုးထည်ပြပွဲတွင် ပါဝင်ပြသရန် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထား

18 Nov

ထိုင်းနိုင်ငံ Khon Kaen ခရိုင်ရှိ Khon Kaen Provincial Hall ၌ နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အထိ ကျင်းပမည့် KHONKAEN World Silk and Craft Festival ၂၀၂၄ တွင် မြန်မာနိုင်ငံမှ ပိုးထည် လုပ်ငန်းရှင်များအား ပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေး ဌာနခွဲမှ သိရပါတယ်။ ထိုင်းနိုင်ငံတွင် အဆိုပါပြပွဲကို ၁၉၇၉ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ပြီး ပိုးထည်များ ဆင်ယင်အသုံးပြုမှုနှင့် ပတ်သက်သော လူနေထိုင်မှုပုံစံ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းပေးနိုင်ရန် ကျင်းပခြင်းဖြစ်ပါတယ်။ အဆိုပါပြပွဲတွင် ထိုင်းနိုင်ငံ Khon Kaen ခရိုင်မှ ထုတ်လုပ်သည့် ပိုးထည်နှင့် ဝါဂွမ်းထုတ်ကုန်များကို အမျိုးအစားစုံလင်စွာ ပါဝင်ပြသမည့်အပြင် အခြားပြည်ပနိုင်ငံများမှလည်း ပိုးထည်ယဉ်ကျေးမှုများ မျှဝေနိုင်ရေး အတွက် ပါဝင်ပြသနိုင်ရန် ဖိတ်ခေါ်ထားရှိပါတယ်။ မဲခေါင်ဒေသခွဲနိုင်ငံများမှ ပါဝင်ပြသမည့် နိုင်ငံတစ်နိုင်ငံစီအတွက် ပြခန်းနှစ်ခန်းစီ အခမဲ့ပံ့ပိုးပေးမည်ဖြစ်ပြီး တည်းခိုစရိတ်၊ သယ်ယူပို့ဆောင်ရေးစရိတ်နှင့် အခြားသော ကုန်ကျစရိတ် များကို လုပ်ငန်းရှင်များက ကျခံရမှာဖြစ်ပါတယ်။ ပိုးထည်ပြပွဲတွင် ပါဝင်ပြသခြင်းဖြင့် မိမိတို့နိုင်ငံမှ ပိုးထည်ထုတ်ကုန်များကို မဲခေါင်ဒေသခွဲနိုင်ငံများအပါအဝင် အခြားပြည်ပနိုင်ငံများသို့ မိတ်ဆက်ရောင်းချနိုင်မည့်အပြင် ၎င်းပြပွဲတွင် ပါဝင်ပြသသော ကုန်ပစ္စည်းများကို လေ့လာနိုင်ကာ အနာဂတ်စီးပွားရေးလမ်းကြောင်းများအတွက် စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း ချိတ်ဆက် နိုင်မည့်အခွင့်အလမ်းများကို ရရှိနိုင်မှာဖြစ်ပါတယ်။ ပြပွဲတွင် ပါဝင်ပြသလိုသည့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ ဖုန်း ၀၆၇-၄၀၈၆၂၂ နှင့် [email protected] သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရပါတယ်။(NVS 008)

18 Nov

ADVERTISE HERE .