ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၄၀ ဒသမ ၀၅ ဘီလီယံထုတ်ချေးမည်

17 Nov

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းရာသီစိုက်ပျိုးရေးစရိတ်ချေးငွေအဖြစ် စုစုပေါင်းချေးငွေကျပ် ၁၄၀ ဒသမ ၀၅ ဘီလီယံကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်အထိ သတ်မှတ်ကာလ ၄ လ သတ်မှတ်၍ တောင်သူ များအား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဆောင်းရာသီစိုက်ပျိုးသီးနှံများအတွက် ချေးငွေများကို လက်ရှိ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကုန်အထိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ၄၀ မှ ငွေကျပ် ၃,၁၂၁ သန်းကျော်ကို အသီးသီးထုတ်ချေးပေးထားပြီး ၎င်းချေးငွေ များကို စပါးတစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းနှင့် အခြားသီးနှံတစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်း ထုတ်ချေး ပေးထားခြင်းဖြစ်ပါတယ်။ အဆိုပါချေးငွေများအတွက် စပါးသီးနှံတစ်ဧကလျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းသာ ကောက်ခံသွားမှာဖြစ်ပြီး တောင်သူများအနေနဲ့ ရာသီအလိုက်ချေးငွေများရယူကာ သတ်မှတ်ကာလအတွင်း ပုံမှန်ပြန်လည်ပေးဆပ်ပါက နောက်ရာသီအတွက် ချေးငွေအသစ်ကို အလွယ်တကူထပ်မံလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်/မြို့နယ် ဘဏ်ခွဲပေါင်း ၁၇၂ ခုမှ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း ၅,၈၇၁ အုပ်စုရှိ တောင်သူ ၅၀၅,၈၄၃ ဦးတို့အား ချေးငွေကျပ် ၄၈၉ ဒသမ ၃၂၁ ဘီလီယံကိုလည်း ထုတ်ချေးပေးခဲ့ကြောင်း သိရပါတယ်။(NVS 008)

17 Nov

ADVERTISE HERE .