အိန္ဒိယဝယ်လိုအားနည်းပါးမှုကြောင့် မတ်ပဲနှင့် ပဲစင်းငုံဈေးများ ဆက်တိုက်ကျဆင်းလာ

17 Nov

နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းလာမှုနဲ့ အိန္ဒိယနိုင်ငံဘက်မှ ဝယ်လိုအားနည်းနေတဲ့အတွက် ပြည်တွင်းရှိ မတ်ပဲနှင့် ပဲစင်းငုံဈေးများ ဆက်တိုက်ကျဆင်းလာကြောင်း ပဲဈေးကွက်အတွင်းမှ သိရပါတယ်။ မတ်ပဲနှင့် ပဲစင်းငုံများကို အိန္ဒိယဘက်မှ အဓိကဝယ်ယူနေခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း အမေရိကန် ဒေါ်လာဈေး ဆက်တိုက်ပြန်ကျလာခြင်းက ပဲဈေးကွက်အပေါ် သက်ရောက်မှုရှိလာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်တွင် မတ်ပဲတစ်တန်လျှင် ကျပ် ၃၈ သိန်းကျော်ထိရှိခဲ့ပြီး နိုဝင်ဘာလ ၁၃ ရက်တွင် တစ်တန်လျှင် ကျပ် ၃၅ သိန်း ၇ ‌သောင်းအထိ ပြန်လည်ကျဆင်းလာကြောင်း ပို့ကုန်လုပ်ငန်းရှင်များထံမှ သိရပါတယ်။ ထိုနည်းတူ ပဲစင်းငုံဈေးကလည်း ၄၃ သိန်းကျော်အထိ ရှိနေခဲ့ရာမှ လက်ရှိတွင် တစ်တန်ဈေးနှုန်းမှာ ကျပ် ၃၈ သိန်း ၇ သောင်းဝန်းကျင်သို့ ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ ၇ လတာအတွင်း မြန်မာနိုင်ငံမှ ပဲမျိုးစုံ စုစုပေါင်းတန်ချိန် ၂ ဒသမ ၉၈ သန်းကို ပြည်ပသို့တင်ပို့ထားပြီး မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိတဲ့ ပဲမျိုးစုံကို အိန္ဒိယနှင့် တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့နေကြောင်း သိရပါတယ်။(NVS 008)

17 Nov

ADVERTISE HERE .