၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ၃ လတွင်း ပြည်တွင်းခရီးသွားလည်ပတ်မှု လစဉ် ၆ သိန်း ဝန်းကျင်ရှိနိုင်ရန်ခန့်မှန်း
17 Nov၂၀၂၄ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ၃ လတာ ကာလအတွင်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့တွင် ပြည်တွင်းခရီးသွားလည်ပတ်မှုကို လစဉ် ၆ သိန်းဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ ပြည်တွင်းခရီးသွားလည်ပတ်မှုတွင် ၇ ဒသမ ၈ သန်းအထိရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာအတွင်း ပြည်တွင်းခရီးသွားလည်ပတ်မှုက ၇ ဒသမ ၄ သန်း အထိရှိလို့ ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက ၀ ဒသမ ၄ သန်း လျော့နည်းနေခဲ့တာ ဖြစ်ပါတယ်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တို့ကို ပြည်တွင်းခရီးသွားများ သွားရောက်လည်ပတ်တာ များပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း ကျန်ရှိတဲ့ ၃ လဖြစ်တဲ့ အောက်တိုဘာလ၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတို့မှာ ပြည်တွင်းခရီးသွားလည်ပတ်မှု လစဉ် ၆ သိန်းခန့် ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ပြည်တွင်းခရီးသွားများကလည်း တိုင်းနဲ့ပြည်နယ်အလိုက် ပွဲတော်များရှိနေတာကြောင့် လည်ပတ်မှုများမှာဖြစ်ပါတယ်။ နှစ်ကုန်ပိုင်းလောက်ဆိုရင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကထက်ပမာဏကို ရောက်ရှိနိုင်မယ်လို့ မျှော်မှန်းထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ထံမှသိရပါတယ်။ ဒါ့အပြင် ပြည်တွင်းခရီးသွားများနဲ့ ပြည်ပခရီးသွားများ လုံခြုံစိတ်ချစွာလည်ပတ်နိုင်ရေးအတွက် နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ်များရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ ဝန်ထမ်းများကိုလည်း ပြည်ပအဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။ (NVS 008)