မုန်တိုင်းအူဆာဂီ အားပျော့သွားချိန်တွင် မုန်တိုင်းမန်းယီကို ရင်ဆိုင်ရန် ဖိလစ်ပိုင်ပြင်ဆင်ရပြန်
16 Novတိုင်ဖွန်းမုန်တိုင်းအူဆာဂီသည် ဖိလစ်ပိုင်နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ပြီးနောက် အားပျော့သွားချိန်တွင် ထိုနိုင်ငံအနေဖြင့် နောက်ထပ်မုန်တိုင်းတစ်လုံးဖြစ်သည့် မုန်တိုင်းမန်းယီကိုရင်ဆိုင်ရန် ပြင်ဆင်နေရကြောင်း သိရသည်။ မုန်တိုင်းအူဆာဂီသည် နိုဝင်ဘာလ ၁၄ ရက်တွင် အလွန်အားကောင်းသော တိုင်ဖွန်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ပြီးနောက် နိုဝင်ဘာလ ၁၅ ရက်တွင် အားပျော့သွားခြင်းဖြစ်သည်။ ထို့နောက် ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်းနှင့် မနီလာမြို့တို့ကို ယခုသီတင်းပတ်အကုန်ပိုင်းတွင် ဝင်ရောက် တိုက်ခတ်နိုင်ခြေရှိသော မုန်တိုင်းမန်းယီသည် လက်ရှိတွင် အနောက်ပစိဖိတ်သမုဒ္ဒရာ၌ ပိုမိုအားကောင်း လာနေကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။ ထို့ပြင် မုန်တိုင်းမန်းယီသည် နိုဝင်ဘာလ ၁၇ ရက်အစောပိုင်းတွင် အလွန်အားကောင်းသော တိုင်ဖွန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။