ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ယခုလအတွင်း လျှောက်ထားရမည်

14 Nov

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်များအားလုံး ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်များကို ယခုလအတွင်းလျှောက်ထားရမယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းထံကနေ သိရပါတယ်။ လူပုဂ္ဂိုလ်အနေနဲ့ လျှောက်ထားလိုပါက လိုင်စင်ဓာတ်ပုံနှစ်ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ကိုယ်ရေး အချက်အလက်များ တင်ပြရမှာ ဖြစ်ပါတယ်။ ကုမ္ပဏီအမည်နဲ့ လျှောက်ထားပါက မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ နှင့်အညီ မှတ်ပုံတင်ထားသော ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ကုမ္ပဏီ၏အချက်အလက်များ (Company Extract)၊ လက်မှတ်ရေးထိုးမှုပါဝင်တဲ့ ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များစာရင်းနှင့် ၎င်းတို့၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ သက်ဆိုင်ရာလျှောက်လွှာပုံစံပါ လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်းကို လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံငွေရှိရန်နှင့် ယင်းငွေရှိကြောင်း ဘဏ်စာရင်းရှင်းတမ်း(Bank Statement)၊ တစ်လအတွင်း အများဆုံးရွှေရောင်းဝယ်မှု ပြုလုပ် နိုင်တဲ့ပမာဏ (ပိဿာ၊ ကျပ်သား သို့မဟုတ် ဂရမ်၊ ထရိုင်အောင်စ)နဲ့ ဖော်ပြပေးရမည်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနရဲ့ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့ရဲ့ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာရွှေလုပ်ငန်းရှင်များအသင်းရဲ့ အသင်းဝင်မှန်ကန်ကြောင်း ထောက်ခံချက်၊ လျှောက်လွှာတွင်ဖြည့်သွင်းတဲ့ လက်ရှိနေရပ်လိပ်စာတွင် အမှန်တကယ်နေထိုင်လျက်ရှိကြောင်း သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးရဲ့ ထောက်ခံချက်များကိုပါ ထည့်သွင်းဖော်ပြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပေးထားတဲ့ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့ရဲ့ လုပ်ငန်းလိုင်စင်(ရှိလျှင်)၊ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာမည်ဖြစ်ကြောင်း ကာယကံရှင်ရဲ့ ဝန်ခံကတိပြုချက်တို့ပါဝင်ရမည်ဖြစ်ကြောင်း သိရပါတယ်။ ဖော်ပြပါအချက်အလက်များ ပြည့်စုံသူများအနေနဲ့ ယခုနိုဝင်ဘာလ ၁၈ ရက်မှစတင် လျှောက်ထားရမှာဖြစ်ပြီး လိုင်စင်လျှောက်ထားခြင်းကာလမှာ စတင်လျှောက်တဲ့နေ့ မှ ၃ လအတွင်းဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။ (NVS 004)

14 Nov

ADVERTISE HERE .