တရုတ်သို့ ဆန်/ဆန်ကွဲ တင်ပို့ရန် GACC တွင် မှတ်ပုံတင်နိုင်ရေး နှစ်နိုင်ငံ စိစစ်ဆောင်ရွက်နေ
14 Novတရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနစိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေး ခန်းမမှာ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်အရ မှတ်ပုံတင်နိုင်ရေး နှစ်နိုင်ငံ စိစစ်ဆောင်ရွက်နေကြောင်း သိရပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တို့ကြား လက်မှတ်ရေးထိုးခဲ့သည့် မြန်မာနိုင်ငံမှ ဆန်ကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်အရ တင်ပို့ရန်ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင်တင်ပို့လိုသော ကုမ္ပဏီများ၏ အချက်အလက်များ၊ ယင်းတို့၏ ဆန်စက်နှင့် သိုလှောင်ရုံများကို မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များကို နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့မှ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ထံတင်ပြ၍ GACC တွင် မှတ်ပုံတင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၄ ခုနှစ်အတွက် တရုတ်နိုင်ငံသို့ ဆန်၊ ဆန်ကွဲတင်ပို့လိုသော ကုမ္ပဏီအသစ်များကို စိတ်ဝင်စားမှု အဆိုပြုလွှာ (Expression of Interest- EOI) တင်ပြရန် ဇူလိုင်လ ပထမပတ်တွင် ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အခုလိုလျှောက်ထားလာတဲ့ ကုမ္ပဏီများ၏ ဆန်စက်နှင့် သိုလှောင်ရုံများကို စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနနှင့် မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) တာဝန်ရှိသူများက စစ်ဆေးခြင်း၊ ဆောင်ရွက်ထားရမည့်အချက်များနှင့် ပတ်သက်သည့် သင်တန်းများပေးခြင်း၊ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံသိ့် ဆန်၊ ဆန်ကွဲတင်ပို့ရန် ၂၀၂၁ ခုနှစ်မှာ GACC မှ မှတ်ပုံတင်ရရှိခဲ့တဲ့ ကုမ္ပဏီ ၄၃ ခု၊ ၂၀၂၂ ခုနှစ်မှာ ကုမ္ပဏီ ၁၈ ခု၊ ၂၀၂၃ ခုနှစ်မှာ ကုမ္ပဏီ ၅၀ ခုရှိခဲ့တာကြောင့် စုစုပေါင်းကုမ္ပဏီ ၁၁၁ ခုကို မှတ်ပုံတင်ပေးနိုင်ခဲ့ပြီး ဆန်၊ ဆန်ကွဲများ တင်ပိုလျက်ရှိတယ်လို့ သိရပါတယ်။ (NVS 004)