“ပြည်သူ့ရင်ပြင်မှာ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော် ကျင်းပမည်”
14 Nov၂၀၂၄ ခုနှစ် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်မှာ စည်ကား သိုက်မြိုက်စွာကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ MSME ထုတ်ကုန်တန်ဆောင်တိုင် ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို နိုဝင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ နေ့စဉ်နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ ကျင်းပလျက်ရှိပါတယ်။ အဆိုပါ ဈေးရောင်းပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်ခန်းများ၊ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားစေရေး အတွက် စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်ခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း ၅၅၄ ခန်းပါဝင်ကြောင်း သိရပါတယ်။ ဒါ့အပြင် လုံခြုံရေးကို စနစ်တကျစီစဉ်ထားပြီး မီးပုံးပျံလွှတ်တင်မှု အစီအစဉ်များ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှကျော်ကြားသော အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် ပွဲတော်လာပြည်သူများသွားလာရေး အဆင်ပြေလွယ်ကူစေရန် YBS ယာဉ်များဖြင့် အကြို/အပို့ကားများလည်း စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရပါတယ်။ (NVS 004)