“သာစည်-မန္တလေးရထားလမ်းပိုင်း၌ လူစီးရထားစတင်ပြေးဆွဲ”
14 Novမြန်မာ့မီးရထားအနေနဲ့ ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းများမှာ လူစီးရထားများပြေးဆွဲဆောင်ရွက်ပေးလျက်ရှိရာ သာစည်-မန္တလေးခရီးစဉ်အမှတ် (သ-၃၀၁) အဆန်နှင့် မန္တလေး-သာစည် ခရီးစဉ်အမှတ် (သ-၃၀၂) အစုန် RBE လူစီးရထားများကို နိုဝင်ဘာလ ၁၁ ရက်မှ စတင်ပြေးဆွဲ ပေးလျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ အမှတ် (သ-၃၀၁) သာစည်-မန္တလေး RBE အဆန်ရထားဟာ သာစည်ဘူတာမှ နံနက် ၅ နာရီခွဲမှာ စတင်ထွက်ခွာမှာဖြစ်ပြီး မန္တလေးဘူတာသို့ နံနက် ၉ နာရီခွဲမှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။ အမှတ် (သ-၃၀၂) မန္တလေး-သာစည် RBE အစုန်ရထားကတော့ မန္တလေးဘူတာမှ ညနေ ၃ နာရီမှာ ပြန်လည်ထွက်ခွာကာ သာစည်ဘူတာ သို့ ည ၇ နာရီမှာ ဆိုက်ရောက်မယ်လို့ သိရပါတယ်။ လမ်းခရီးတွင် ဘူတာစဉ်များရပ်တန့်ပေးသွားမှာဖြစ်ပြီး အဆိုပါ RBE ရထားတွဲဆိုင်းမှာ ခရီးသည်များအနေနဲ့ ရပ်စီး/ထိုင်စီး စုစုပေါင်းလူဦးရေ ၁၀၀ ဦးခန့် စီးနင်းလိုက်ပါနိုင်ကာ ခရီးသွားလက်မှတ်ခကို ခရီးစဉ်အစမှ အဆုံးထိ တစ်ဦးကို ငွေကျပ် ၅,၀၀၀ နှင့် ခရီးတစ်ဝက်လိုက်ပါစီးနင်းပါက ငွေကျပ်၂,၅၀၀ နှုန်းနဲ့ ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိပြေးဆွဲပေးလျက်ရှိတဲ့ ရထားခရီးစဉ်များမှာ ခရီးသည်စီးနင်းမှု များပြားလာသည်နှင့်အမျှ ရထားတွဲဆိုင်းများ ပိုမိုချိတ်ဆက်ခြင်း၊ ရထားစင်းရေတိုးမြှင့်ပြေးဆွဲခြင်း အစီအစဉ်များကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး ခရီးသွားမိဘပြည်သူများအနေနဲ့ လုံခြုံစိတ်ချစွာလိုက်ပါစီးနင်းနိုင်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။ (NVS 004)