ရွှေစည်းခုံစေတီတော်ကြီးတွင် (၉၆၅) ကြိမ်မြောက် တန်ဆောင်တိုင်ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်
14 Novညောင်ဦးမြို့နယ်ရှိ ရွှေစည်းခုံစေတီတော်ကြီးတွင် (၉၆၅) ကြိမ်မြောက်တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာလ ၁၁ ရက်မှ ၂၁ ရက်အထိ အစဉ်အလာမပျက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲတော်ကို ရွှေစည်းခုံစေတီတော်ကြီး၏ ပရိဝုဏ်အတွင်းရှိ ရှင်အရဟံသိမ်တော်ကြီးအတွင်းမှာ သံဃာတော်အရှင်သူမြတ်များက အသံမစဲပဋ္ဌာန်းတရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်းနှင့် ရွှေစည်းခုံစေတီတော်ကြီး အင်္ဂါထောင့်မဏ္ဍပ်အတွင်း ညောင်ဦးမြို့နယ်အတွင်းရှိ သံဃာတော်သာမဏေအပါး ၇၇၅ပါး တို့ကို ဆွမ်းသပိတ်လုံးနှင့် ငွေပဒေသာပင်များ ဆက်ကပ်လှူဒါန်းခြင်း၊ ညောင်ဦးမြို့နယ်အတွင်း၊ ညောင်ဦးမြို့နယ် ပြင်ပကုသိုလ်ရှင်များက ဆွမ်း သပိတ်လုံး၊ ငွေပဒေသာပင်နှင့်လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ စေတီတော်ကြီးကို ဗုဒ္ဓဘိသေကဘုရား အနေကဇာတင်ခြင်း၊ ဆီမီး ၅,၀၀၀ ဆက်ကပ်ပူဇော်ခြင်းများကို နိုဝင်ဘာလ ၁၅ ရက်(တန်ဆောင်မုန်းလပြည့်)မှာ ကျင်းသွားမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၁ ရက်မှာ ညောင်ဦးမြို့ အမှတ် (၄) နယ်မြေအတွင်းရပ်ကွက်များက ဆွမ်းဆန်စိမ်းလောင်းလှူရန် စီတန်းလှည့်လည်ပြီး စေတီတော်ကြီးသို့ လာရောက်ထည့်ဝင်လှူဒါန်းနိုင်မှာဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်မှာ ညောင်ဦးမြို့ အမှတ် (၅) နယ်မြေအတွင်းရှိ ရပ်ကွက်များက ဆွမ်းဆန်စိမ်းလောင်းလှူရန် စီတန်းလှည့်လည်ပြီး စေတီတော်ကြီးသို့ လာရောက်ထည့်ဝင်လှူဒါန်းကြခြင်းများနှင့် စေတီတော်ကြီးတောင်ဘက်ကွင်းမှာ စုပေါင်းဈေး ရောင်းပွဲတော် အစီအစဉ်များလည်း ထည့်သွင်းကာ အစဉ်အလာမပျက် ကျင်းပသွားမယ်လို့ သိရပါတယ်။ (NVS 004)