“ယခုဘဏ္ဍာနှစ်အတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှု လျာထားချက်ထက် ကျော်လွန်တင်ပို့ထား”
13 Nov၂၀၂၄-၂၅ ဘဏ္ဍာနှစ်ရဲ့ ၇ လတာကာလအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှာ လျာထားချက်ထက် ကျော်လွန်ကာ တင်ပို့ထားနိုင်ခဲ့တာကြောင့် ယခုဘဏ္ဍာနှစ် ၇ လအတွင်း ပို့ကုန်ဝင်ငွေအများဆုံးရရှိထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)မှ သိရပါတယ်။ အဆိုပါကာလအတွင်း တင်ပို့မှုအနေနဲ့ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁ ဒသမ ၃၆၂ သန်းကျော်ကို တင်ပို့ထားနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၄၆ သန်းကို ရရှိထားကြောင်း သိရပါတယ်။ လအလိုက်တင်ပို့နိုင်မှုမှာ ဘဏ္ဍာနှစ်စ ဧပြီလတွင် အမေရိကန်ဒေါ်လာ ၅၅ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁၁၁,၈၆၂ တန်၊ မေလတွင် အမေရိကန်ဒေါ်လာ ၃၆ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၇၁,၂၇၉ ဒသမ ၅ တန်၊ ဇွန်လတွင် အမေရိကန်ကန်ဒေါ်လာ ၈၄ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၆၂,၃၂၅ ဒသမ ၇၅ တန်၊ ဇူလိုင်လတွင် အမေရိကန်ကန်ဒေါ်လာ ၈၁ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၆၅,၄၄၀ ဒသမ ၃ တန်၊ ဩဂုတ်လတွင် အမေရိကန်ကန်ဒေါ်လာ ၉၇ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန်၂၀၇,၃၆၉ ဒသမ ၉ တန်၊ စက်တင်ဘာလတွင် အမေရိကန်ကန်ဒေါ်လာ ၁၀၄ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၁၉,၅၆၅ ဒသမ ၁၃ တန်၊ အောက်တိုဘာလတွင် အမေရိကန်ကန်ဒေါ်လာ ၁၈၉ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၄၂၄,၇၈၄ ဒသမ ၂၇ တန် တင်ပို့ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။ လအလိုက်တင်ပို့နိုင်မှု စာရင်းများအရ အောက်တိုဘာလမှာ လျာထားချက်ထက် ကျော်လွန်တင်ပို့ထားနိုင်ခဲ့ တာကြောင့် ၇ လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှု တန်ချိန်အများဆုံးဖြစ်ခဲ့ပြီး ပို့ကုန်ဝင် ငွေအားဖြင့်လည်း အများဆုံးရရှိထားသည့် ပို့ကုန်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ဒေသထွက် ဆန်ကို ဘယ်လ်ဂျီယံ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံသို့လည်းကောင်း၊ ဆန်ကွဲကိုတော့ အင်ဒိုနီးရှားနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့နေရပြီး ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရာမှာ ပုဂ္ဂလိကကုမ္ပဏီများမှ တင်ပို့နေခြင်းဖြစ်ကာ ပြီးခဲ့တဲ့ အောက်တိုဘာလအထိ တင်ပို့ခွင့်ရ ပုဂ္ဂလိကကုမ္ပဏီပေါင်း ၆၀ အထိရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)