“ရွှေစည်းခုံစေတီတော်ကြီးရဲ့ Master Plan ကို ဖေဖော်ဝါရီလ ၁၂ ရက် မတိုင်မီအပြီးရေးဆွဲရန်တိုက်တွန်း”

12 Nov

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ကြီးရဲ့ Master Plan ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် မတိုင်မီရေးဆွဲပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ကြီး အထွေထွေပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် ဘက်စုံလွှမ်းခြုံသောအစီအစဉ် (Master Plan) ရေးဆွဲနိုင်ရေး တတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမမှာ ကျင်းပ ခဲ့ပါတယ်။ ရွှေစည်းခုံစေတီတော်ကြီးက ရှေးဟောင်းလက်ရာကျန်ရှိမှုအဆင့် (Grade-1) အဆင့်ဖြစ်ပြီး စေတီတော် ပရိဝုဏ်အတွင်းမှာ ပုဂံခေတ်ကာလကတည်းက ဘုရား၊ စေတီများ၊ ကျောက်စာအထောက်အထားများအပြင် ပုဂံခေတ်နောက်ပိုင်းကာလမှ ခေတ်အဆက်ဆက် လှူဒါန်းထားတဲ့ ခေါင်းလောင်းများ၊ ကျောက်သပိတ်များကို ယနေ့တိုင် တွေ့မြင်နိုင်ကြောင်း၊ ရွှေစည်းခုံစေတီတော်ကြီးကို မည်သည့်နေရာမှကြည့်ကြည့် မြင်ကွင်းတင့်တယ် သပ္ပာယ်စေရေး၊ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ရာတွင် အဆင်ပြေစေရေးအတွက် ဘက်စုံပြုပြင် ထိန်းသိမ်းခြင်းအစီအစဉ် (Master Plan) ရေးဆွဲဆောင်ရွက်သွားရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ခဲ့ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ Master Plan ရေးဆွဲရေးဦးဆောင်ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် အထောက်အကူပြုကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ကိုးကွယ်နိုင်ခြင်းအလိုငှာ ရွှေစည်းခုံစေတီတော်ကြီးကို တည်ထား ခဲ့ရာ နှစ်ပေါင်းရာထောင်မက တည်တံ့ခိုင်မြဲစေရေးအတွက် ရှေးဟောင်းအမွေအနှစ်များကို ထိခိုက်မှုမရှိစေဘဲ မိမိတို့ ကျွမ်းကျင်သော အတတ်ပညာ၊ အသိပညာတို့နဲ့ ထိန်းသိမ်းစောင့်ရှောက်မှုများကို မိမိတို့ရဲ့ ကုသိုလ်စိတ်နဲ့ ဆောင်ရွက် သွားရမှာဖြစ်ကြောင်းနှင့် ရွှေစည်းခုံစေတီတော်ကြီးရဲ့ Master Plan ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်မတိုင်မီ ရေးဆွဲပြီးစီးနိုင်ရေး ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။ (NVS 003)

12 Nov

ADVERTISE HERE .