စည်းကမ်းချိုးဖောက်သည့် YBS ယာဉ်အမှုပေါင်း ၄၃,၀၀၀ ကျော်ကို အရေးယူထား
12 Novရန်ကုန်မြိုတွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းများမှ စည်းကမ်းချိုးဖောက်တဲ့ အမှုပေါင်း ၄၃,၀၀၀ ကျော်ကို အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကနေ သိရပါတယ်။ စည်းကမ်းမဲ့ YBS ယာဉ်မောင်းများကို ယာဥ်မောင်းလိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူသွားမယ်လို့ YRTC ကထုတ်ပြန်ကြေညာပြီးနောက် ယခု ၂ဝ၂၄ ခုနှစ်အတွင်း စည်းကမ်းချိုးဖောက်တဲ့ YBS ယာဉ်မောင်းများကို ဖမ်းဆီးအရေးယူတဲ့ အမှုပေါင်း ၄၃,၀၀၀ ကျော်အထိရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် YRTC အနေနဲ့ ယာဥ်ဘေးတံခါးဖွင့်မောင်းနှင်မှု၊ တစ်စီးနှင့် တစ်စီးကျော်တက်မှုတို့ အပါအဝင် စည်းကမ်းမဲ့မီးနီးဖြတ်မောင်းမှုတို့ကို ၃ ကြိမ်အထက်ကျုးလွန်တဲ့ YBS ယာဥ်မောင်းနှင်သူများကိုလည်း ပြစ်ဒဏ်ချမှတ် ခြင်းနဲ့ ထိထိရောက်ရောက် အရေးယူမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ YBS ယာဉ်အချင်းချင်း ကျော်တက်မောင်းနှင်ခြင်း အပါအဝင် လမ်းပြောင်းပြန် မောင်းနှင်မှု၊ မီးနီဖြတ်သန်း မောင်းနှင်မှု၊ သတ်မှတ်ကီလိုထက်ကျော်လွန် မောင်းနှင်မှုတို့ကို YRTC က လုံးဝခွင့်လွှတ်မည်မဟုတ်ဘဲ ယင်းကဲ့သို့ စည်းကမ်းမဲ့ ယာဉ်မောင်းများကို YRTC မှ ယာဉ်မောင်း Smart Card ဖျက်သိမ်းခြင်းအပြင် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးကောင်စီကလည်း ကညနယာဉ်မောင်းလိုင်စင်ကိုပါ အချိန်ကာလ တစ်ခု သတ်မှတ်ပြီး ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 003)