“၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပရန် ဆွေးနွေးညှိနှိုင်း”
11 Nov၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ ၁၀ ရက်နံနက်ပိုင်းက ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမမှာကျင်းပပါတယ်။ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ နေပြည်တော်မှာ ကျင်းပသွားနိုင်ရန် စီမံထားရှိပါကြောင်း၊ ၎င်းအခမ်းအနားကို ယခင်နှစ်ကျင်းပခဲ့သည့် အစဉ်အလာအတိုင်း ခမ်းနားတင့်တယ်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရှိစေလိုကြောင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ချီးမြှင့်ရေးနှင့်ပတ်သက်၍ ရသင့်ရထိုက်သည့် အနုပညာရှင်များ ရရှိစေရေးအတွက် ဆုများအကဲဖြတ်စိစစ်ရေးအဖွဲ့ကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးရန်လိုကြောင်း၊ အဆိုပါစိစစ်ရေးအဖွဲ့တွင် အတ္တကင်းကင်း၊ ပုဂ္ဂိုလ်စွဲကင်းကင်းဖြင့် ရွေးချယ်ပေးမည့် ပုဂ္ဂိုလ်များကို တာဝန်ပေးအပ်ရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် ၂၀၂၄ ခုနှစ်တွင် ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များနှင့် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခံရနိုင်ဖွယ်ရှိသည့် ပုဂ္ဂိုလ်များကို အစကတည်းကပင် ဆုများအကဲဖြတ်စိစစ်ရေးအဖွဲ့တွင် တာဝန်ပေးအပ်ရန် မပြုသင့်ပါကြောင်း၊ ၎င်းတို့အား အကဲဖြတ်စိစစ်ရေးအဖွဲ့ တာဝန်ပေးအပ်ပါက မလိုလားအပ်သည့် အထင်အမြင် လွဲမှားမှုများ ကြုံတွေ့ရနိုင်ပါကြောင်း၊ ယခုကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကြီးကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတို့က တာဝန်ယူ၊ တာဝန်ခံစိတ်ဖြင့် အောင်မြင်စွာကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းတို့က ယခင်နှစ်ကျင်းပခဲ့တဲ့ အခမ်းအနားမှရရှိခဲ့သော အားသာချက်/ အားနည်း ချက်များကိုလည်းကောင်း၊ ယခုအခမ်းအနားအတွက် တာဝန်ခွဲဝေဆောင်ရွက်မည့်အစီအစဉ်ကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ပေးခဲ့တယ်လို့ သိရပါတယ်။ (NVS 003)