သုခဒဂုံအိမ်ခန်းငှားရမ်းခများနှင့် အခြားဝန်ဆောင်မှုစရိတ်များကို အွန်လိုင်းမှတစ်ဆင့် ပေးသွင်းနိုင်
09 Novရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံအိမ်ခန်းငှားရမ်းခများနှင့် အခြားဝန်ဆောင်မှု စရိတ်များကို အွန်လိုင်းမှငွေပေးသွင်းနိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ နေစရာအခက်အခဲရှိသည့် ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတွင်တာဝန် ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများအား အိမ်ခန်းငှားရမ်းပေးခြင်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ ယခင်က အိမ်ခန်းငှားရမ်းခများကို လစဉ်လဆန်း ၁ ရက်မှ ၁၀ ရက်အတွင်း အိမ်ရာကော်မတီရုံးသို့ လာရောက်ပေးဆောင် ရသည့်စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာမှ ယခုလမှစတင်၍ အွန်လိုင်းမှတစ်ဆင့် အိမ်ငှားရမ်းခများကို ပေးဆောင်နိုင်ပြီ ဖြစ်ပါတယ်။ သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းတွင် စုစုပေါင်း တိုက် ၁၉၄ လုံး၊ အခန်းပေါင်း ၃,၁၀၄ ခန်းပါဝင်ပြီး လက်ရှိ အချိန်အထိ ပထမအဆင့်တိုက် ၇၃ လုံး၊ ဒုတိယအဆင့် တိုက်အလုံး ၅၀ ရှိအခန်းများတွင် နေထိုင်ခွင့်ပြုပေးခဲ့ကာ တတိယအဆင့် တိုက် ၇၁ လုံးအနက် တည်ဆောက်ပြီးစီးသည့် တိုက် ၄၃ လုံးတွင် နေထိုင်ခွင့်များ ဆက်လက် ခွင့်ပြုပေးထားခဲ့ပါတယ်။ အိမ်ရာအတွင်း တစ်လတာငှားရမ်းခနှုန်းထားများအဖြစ် ပထမထပ်ကို ငွေကျပ် ၆၇,၀၀၀၊ ဒုတိယထပ်ကို ငွေကျပ် ၆၀,၀၀၀၊ တတိယထပ်ကို ငွေကျပ် ၅၅,၀၀၀ နှင့် စတုတ္ထထပ်ကို ငွေကျပ် ၄၆,၀၀၀ တို့ဖြင့် အသီးသီး သတ်မှတ်ထားပါတယ်။ အိမ်ခန်းငှားရမ်းခြင်းသက်တမ်းကို ငါးနှစ်သတ်မှတ်ထားပြီး ငါးနှစ်နေထိုင်ပြီးပါက အိမ်ခန်းကို သက်ဆိုင်ရာသို့ ပြန်လည်အပ်နှံရမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။(NVS 008)