မြောက်ကိုရီးယားက နျူကလီးယားဖြင့် တိုက်ခိုက်ရန်ပြင်ဆင်လျှင် အမေရိကန်-တောင်ကိုရီးယားက လက်ဦးမှုယူတိုက်ခိုက်မည်ဟု ယွန်ဆက်ယို ပြော
09 Novမြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံကို နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်ရန်ပြင်ဆင် ပါက အမေရိကန်-တောင်ကိုရီးယား မဟာမိတ်အဖွဲ့က လက်ဦးမှုယူ၍ မြောက်ကိုရီးယားကို တိုက်ခိုက်သွားမည် ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတ ယွန်ဆက်ယို က အင်တာဗျူးတစ်ခုတွင် ပြောသည်။ “မြောက်ကိုရီးယားအနေနဲ့ တောင်ကိုရီးယားကို တိုက်ခိုက်ဖို့ဆုံးဖြတ်မယ်ဆိုရင် ဒါက သိပ်တော့ယုတ္တိမရှိ ပါဘူး။ ဒါပေမဲ့ သူတို့အနေနဲ့ အဲဒီလိုလုပ်လာရင်လည်း ကျွန်တော်တို့က မြောက်ကိုရီးယားကို အမေရိကန်ရဲ့ နျူကလီးယားလက်နက်တွေနဲ့ ချက်ချင်းတိုက်ခိုက်သွားမှာပါ”ဟု ယွန်ဆက်ယို က အမေရိကန်မဂ္ဂဇင်းတစ်စောင် ဖြစ်သည့် Newsweek နှင့် အင်တာဗျူးတွင် ပြောထားသည်။ ထို့ပြင် တောင်ကိုရီးယားနိုင်ငံကလည်း ကိုယ်ပိုင်ကာကွယ်ရေးနှင့် တိုက်ခိုက်ရေးစွမ်းရည်များကို တိုးမြှင့် လျက်ရှိကြောင်း၊ မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းကြောက်မှုများကို အမေရိကန်နှင့်သဘောတူထားသည့် နျူကလီးယားအတိုင်ပင်ခံအဖွဲ့မှတစ်ဆင့် တုံ့ပြန်မည်ဖြစ်ကြောင်း ယွန်ဆက်ယို က ပြောထားသည်။ မြောက်ကိုရီးယားက ပြီးခဲ့သည့်သီတင်းပတ်တွင် စွမ်းဆောင်ရည်မြင့် တိုက်ချင်းပစ်ဒုံးကျည်အသစ် တစ်မျိုးကို စမ်းသပ်ထားပြီး တောင်ကိုရီးယားနိုင်ငံက ယင်းစမ်းသပ်ထားမှုကို တုံ့ပြန်သည့်အနေဖြင့် နိုဝင်ဘာလ ၇ ရက်တွင် Hyunmoo-II အမြင့်ပျံဒုံးကျည်တစ်စင်းကို ပင်လယ်ဝါအတွင်းရှိ သဏ္ဍာန်တူပစ်မှတ်ဆီ ပစ်လွှတ် လိုက်ကြောင်း သိရသည်။