“မြန်မာနိုင်ငံတွင် စည်းလုံးညီညွတ်ရေးမူကို အခြေခံသည့် အသိုက်အဝန်းဖြစ်‌စေရေး ဒေသတွင်းသာမက နိုင်ငံတကာနှင့်လက်တွဲ လုပ်ကိုင်သွားမည်ဟု နစက ဥက္ကဌ ပြောကြား”

08 Nov

မြန်မာနိုင်ငံအနေနဲ့ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုကို အခြေခံတဲ့ သာယာဝပြောသော အသိုက်အဝန်း ဖြစ်စေရေးအတွက် ဒေသတွင်းသာမက နိုင်ငံတကာနှင့် ဆက်လက်လက်တွဲလုပ်ကိုင်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။ နိုဝင်ဘာလ ၇ ရက်မှာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်တဲ့ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ -ဗီယက်နမ် လေးနိုင်ငံပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးအတွင်း အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်တဲ့ နစကဥက္ကဋ္ဌက အမှာစကားပြောကြားစဉ် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘောဒီးယား-လာအို- မြန်မာ-ဗီယက်နမ် (Cambodia - Lao PDR – Myanmar - VietNam (CLMV) အဖွဲ့ဝင်နိုင်ငံများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်၍ အဖွဲ့ဝင်နိုင်ငံများ၏ ဘုံရည်မှန်းချက်ဖြစ်တဲ့ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါတယ်။ အလားတူနစကဥက္ကဌက မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား အလှည့်ကျဥက္ကဋ္ဌတာဝန်ယူ‌ချိန် အတွင်း ထိပ်သီးအစည်းအဝေးကို ပုံမှန်ကျင်းပနိုင်ရေးနှင့် မိမိတို့ပူးပေါင်းဆောင်ရွက်မှုရဲ့ အသီးအပွင့်ရလဒ်များ ထွက်ပေါ်လာစေရန် အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လေးနိုင်ငံ စည်းလုံးညီညွတ်မှု၊ ခံနိုင်ရည်ရှိမှုများနှင့် ယခုနှစ်အတွင်း ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုများကို ကျော်လွှားကာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် သက်ဆိုင်ရာလုပ်ငန်းစီမံချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းဖြင့် မိမိတို့ဒေသတွင်းရှိ ပြည်သူများရဲ့ သာယာဝပြောမှုနှင့် ကြီးပွားတိုးတက်မှုကို ပိုမိုအထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ လေးနိုင်ငံ (C-L-M-V) အဖွဲ့ဝင်နိုင်များအနေနဲ့ ပိုမိုခိုင်မာတဲ့ ကတိကဝတ်များနှင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို ဆက်လက်မြှင့်တင်သွားရမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ (NVS 008)

08 Nov

ADVERTISE HERE .