“ခုနစ်လတာ ကာလအတွင်း ပြည်ပကို ပဲတန်ချိန် ၂ ဒသမ ၉၈ သန်း တင်ပို့နိုင်ခဲ့”
08 Novယခု ၂၀၂၄ -၂၅ ဘဏ္ဍာနှစ်ရဲ့ ဧပြီလက အောက်တိုဘာလအထိ ၇ လတာကာလအတွင်း ပင်လယ်ရေကြောင်း ကနေတစ်ဆင့် ပြည်ပကို ပဲမျိုးစုံတင်ပို့မှုအနေနဲ့ တန်ချိန် ၂ ဒသမ ၉၈ သန်း တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပဲမျိုးစုံကို အိန္ဒိယနဲ့တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေတာဖြစ်ပြီး အိန္ဒိယနိုင်ငံနဲ့ MoU နားလည်မှုစာချွန်လွှာ ရေးထိုးကာ မတ်ပဲတန်ချိန် ၂ သိန်းခွဲနဲ့ ပဲစဉ်းငုံတန်ချိန် ၁ သိန်းကို နှစ်စဉ်တင်ပို့နေသလို ယခုအခါ အိန္ဒိယနဲ့ MoU ရေးထိုးထားတဲ့ မတ်ပဲတင်ပို့မှုပမာဏကို တန်ချိန် ၅ သိန်းအထိ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆွေးနွေးနေကြပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း ပဲမျိုးစုံစိုက်ဧကများအနက် ၇၂ ရာခိုင်နှုန်းမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ တို့ကို စိုက်ပျိုးလျက်ရှိပြီး ကျန်ဧကများတွင် ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနဲ့ အခြားပဲတွေလည်း စိုက်ပျိုးကြတာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)