“မကွေးမြို့မှာ မကွေးစက်မှုဇုန်သစ် အကောင်အထည်ဖော်နေ”

07 Nov

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှာ မြေဧက ၄၀၀ ကျော် အသုံးပြုကာ မကွေးစက်မှုဇုန်သစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။ အဆိုပါမကွေးစက်မှုဇုန်သစ်ကို မကွေးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ တစ်နေရာတည်းမှာ စုစည်း၍ စက်မှုဇုန်အဖြစ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာမကွေးမြို့၊ ကွန်ပျူတာ တက္ကသိုလ်အနီး၊ မကွေး-တောင်တွင်းကြီးကားလမ်းဘေးရှိ မြေဧရိယာ ၄၆၁ ဒသမ ၁၄ ဧကပေါ်မှာ ဖော်ဆောင်နေခြင်း ဖြစ်ပါတယ်။ ဆီထွက်သီးနှံနှင့် ဝါသီးနှံအဓိကစိုက်ပျိုးတဲ့ ဒေသဖြစ်သည်နှင့်အညီ ၎င်းစက်မှုဇုန်သစ်အတွင်းဆီနှင့် ဆီသန့်စင်တဲ့ လုပ်ငန်းများ၊ ဝါအခြေခံစက်မှုလုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ ပဲနှမ်းအခြေခံတဲ့ စက်မှုလုပ်ငန်းများကို ဦးစားပေး လုပ်ကိုင်ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း စက်မှုဇုန်ဖွံ့ဖြိုးရေးအတွက် ပေ ၁၀၀ အကျယ်ရှိလမ်းမကြီးများဖောက်လုပ်ခြင်း၊ စက်မှုဇုန် အပြင် ဘက်လမ်းများဖောက်လုပ်ခြင်း၊ စက်မှုဇုန်အတွင်းပေ ၈၀ ၊ ၆၀ စသည့် အကျယ်ရှိလမ်းများ ဖောက်လုပ်ခြင်း တို့ကိုလည်း စတင်နေပြီဖြစ်ကြောင်း၊ စက်မှုဇုန်ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကိုလျော့နည်းစေရန် ရင်နှီးတည်ဆောက်သူမှ ပတ်ဝန်းကျင်စမ်းစစ်ခြင်းအစီရင်ခံစာရေးဆွဲရန် ဆောင်ရွက်လျက်ရှိသည့်အပြင် စက်မှုဇုန် အတွင်းရှိရေဆိုးများကို သန့်စင်ရန်အတွက် ရေဆိုးသန့်စင်စနစ်ကိုပါ စီမံကိန်းမှာ ထည့်သွင်းထား၍ အကောင်အထည် ဖော်နေကြောင်းလည်း သိရပါတယ်။ (NVS 008)

07 Nov

ADVERTISE HERE .