“တန်ဆောင်မုန်းလပြည့်ည ရွှေတိဂုံဘုရားမှာ ညအိပ်မည့်သူများ ဧည့်စာရင်းတိုင်ကြားရမည်”

07 Nov

တန်ဆောင်မုန်းလပြည့်ညတွင် ရွှေတိဂုံစေတီတော်မှာ မသိုးသင်္ကန်းရက်ပူဇော်ပွဲပြုလုပ်မည်ဖြစ်ရာ အဆိုပါ ပွဲတော်မှာ ညအိပ်လာရောက်မည့် ဧည့်သည်များအားလုံး ဧည့်စာရင်းတိုင်ကြားရမယ်လို့ ရွှေတိဂုံစေတီတော် ဘဏ္ဍတော်ထိန်း ဂေါပကအဖွဲ့မှ အသိ‌ပေးထုတ်ပြန်ထားပါတယ်။ ရွှေတိဂုံစေတီတော်မှာ လာမယ့်တန်ဆောင်မုန်းလဆန်း ၁၄ ရက် (နိုဝင်ဘာလ ၁၄ ရက်)မှာ မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပမည်ဖြစ်ပြီး မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲကို မကျင်းနိုင်ခဲ့သည်မှာ ၅ နှစ်တာ ရှိခဲ့ပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုနှစ်နိုဝင်ဘာလ ၁၄ ရက်မှာ စေတီတော်ရင်ပြင် ရာဟုထောင့်အောင်မြေမှာ ပြန်လည်ကျင်းပမှာ ဖြစ်ကာ မသိုးသင်္ကန်းပိတ်စများကို ဝိနည်းတော်နှင့်အညီ ညတွင်းချင်းချုပ်လုပ်ကြကာ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာလ ၁၅ ရက် အရုဏ်မတက်မီ သတ်မှတ်ရုပ်ပွားတော်များကို ကပ်လှူပူဇော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ညအိပ်ကုသိုလ်ပြုမယ့် ဘုရားဖူးပြည်သူများအနေနဲ့ ဧည့်စာရင်းတိုင်ကြားနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ယူဆောင်လာရန်၊ လုံခြုံရေးအရစစ်ဆေးမှုများကို ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် ဧည့်စာရင်းတိုင်ကြား ရာမှာ ရင်ပြင်တော်တောင်ဘက်ရှိ လုံခြုံ/မီးသတ်ဌာနရုံးခန်းနှင့် သတ်မှတ်တန်ဆောင်းများမှာ ညအိပ်ဧည့်စာရင်း တိုင်ကြားသွားရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲမှာ ဘာသာရေးအသင်းအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ရက်လုပ်ကြမည် ဖြစ်ကာ ရရှိလာသော ပိတ်သားပြင်ကို အထည်အလိပ်ဆိုင်ရာ ပညာရှင်များက စစ်ဆေးအမှတ်ပေးပြီး ဆုအဆင့်ခွဲခြား သတ်မှတ်ကာဆုများ ပေးအပ်ချီးမြှင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)

07 Nov

ADVERTISE HERE .