“သီရိမင်္ဂလာဈေးသို့ နေ့စဉ်ကုန်ကားအစီးရေ ၃၅၀ ခန့်ဝင်ရောက်ပြီး ရာသီပေါ်ကုန်ပိဿာချိန် ၃ သိန်းကျော် ဖြန့်ဖြူးပေးနေဟုဆို”
06 Novရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့ တစ်ရက်ကို ကုန်တင်ယာဉ်အစီးရေ ၃၅၀ ခန့် ဝင်ရောက် ကုန်သွယ်မှုရှိနေပြီး ရာသီပေါ်ကုန်ပိဿာချိန် ၃ သိန်းကျော်အထိ နေ့စဉ် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရပါတယ်။ ကုန်စည်များဟာဆိုရင် နယ်စုံမှ ဝင်ရောက်လာသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများဖြစ်ပြီး ရာသီပေါ်ဖြစ်တဲ့ ကန်စွန်း၊ ချဉ်ပေါင်၊ ငရုတ် စတဲ့ ဟင်းသီးဟင်းရွက်များ၊ ပန်းမန်မျိုးစုံ နှင့်အတူ မာလကာ၊ ထောပတ်သီးများ စသည့် သစ်သီးဝလံများ ပါဝင်ကြောင်း သိရပါတယ်။ လက်ရှိမှာ အနယ်နယ် အရပ်ရပ်မှ ဝင်ရောက်လာသည့် ကုန်စည်များကို သီရိမင်္ဂလာဈေးမှတဆင့် ရန်ကုန်မြို့ရှိ ဈေးများနှင့် နယ်စုံသို့ ပြန်လည်တင်ပို့နေရပြီး အရောင်းအဝယ်မှာလည်း ပုံမှန်အနေအထားတွင်ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါဈေးဟာ ဈေးရုံပေါင်း ၁၄ ရုံ၊ ဆိုင်ခန်းပေါင်း ၄,၀၀၀ ကျော်ဖြင့် ရောင်းဝယ်ဖောက်ကားမှုများကို ဆောင်ရွက်နေတဲ့ ရန်ကုန်မြို့ရှိ ဈေးကြီးများထဲမှ တစ်ခုဖြစ်ပါတယ်။ (NVS 003)