“ဓာတ်မြေဩဇာ ရည်ညွှန်းဈေးနှုန်းများကို စိစစ်ကြပ်မတ်သွားမည်”
06 Novပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဓာတ်မြေဩဇာ ရည်ညွှန်းဈေးနှုန်းများကို စိစစ်ကြပ်မတ်ကြဖို့ တိုက်တွန်းပြောကြား ခဲ့ပါတယ်။ လက်ရှိမှာ ဓာတ်မြေဩဇာ တန်ချိန် ၇၂၀,၀၀၀ ကျော် တင်သွင်းထားမှုမှ တောင်သူလယ်သမားများထံ တန်ချိန် ၅၁၃,၀၀၀ နီးပါးအထိ ဖြန့်ဖြူးရောင်းချပေးထားပြီး ဂိုဒေါင်လက်ကျန် တန်ချိန် ၂ သိန်းကျော် ကျန်ရှိနေသေးကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီများရဲ့ တင်ပြချက်အရ ဓာတ်မြေဩဇာအတွက် လိုင်စင်ရရှိပြီး တန်ချိန် ၈၁၀,၅၀၁ ဒသမ ၂၄ တန်ရှိပြီး မတ်လလက်ကျန်နှင့် ဧပြီလမှစ၍တင်သွင်းပြီး တန်ချိန် စုစုပေါင်း ၇၂၁,၅၃၁ ဒသမ ၄ တန်ရှိကြောင်း၊ ဖြန့်ဖြူး ရောင်းချပြီးမှုအနေနဲ့ တန်ချိန် ၅၁၂,၉၈၃ ဒသမ ၈၄ တန်ရှိပြီး ဂိုဒေါင်လက်ကျန်အနေဖြင့် တန်ချိန် ၂၀၈,၅၄၈ ဒသမ ၀၉ တန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့ပါတယ်။ ပိုးသတ်ဆေးအတွက် လိုင်စင်ရပြီး တန်ချိန် ၁၂,၇၇၂ ဒသမ ၃၇ တန်ရှိကာ မတ်လလက်ကျန်နှင့် ဧပြီလမှစ၍ တင်သွင်းပြီးတန်ချိန် စုစုပေါင်း ၁၉,၃၀၈ ဒသမ ၇၆ တန် ရှိကြောင်း၊ ဖြန့်ဖြူးရောင်းချပြီးမှုအနေဖြင့် တန်ချိန် ၁၅,၉၇၈ ဒသမ ၁၈ တန်ရှိပြီး ဂိုဒေါင်လက်ကျန်အနေဖြင့် တန်ချိန် ၃,၃၃၀ ဒသမ ၅၈ တန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများမှာ အောက်တိုဘာလ ၃၁ ရက်မှာ သတ်မှတ်ကာလပြည့်ပြီဖြစ်တဲ့ အတွက် ဈေးနှုန်းထပ်မံသတ်မှတ်ရမည်ဖြစ်ပြီး ယှဉ်ပြိုင်ဈေးနှုန်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ အရောင်းဆိုင်များအား ရန်ကုန်အထိုင် ရည်ညွှန်းဈေးနှုန်းကိုအခြေခံ၍ ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်နှင့် အရောင်းဆိုင်အမြတ်တို့အပေါ် ပိုမိုရောင်းချနေမှုရှိပါက စိစစ်ကြီးကြပ် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ပါတယ်။ (NVS 003)