“အစ္စရေးက ဆီးရီးယားတွင် မြေပြင်ထိုးစစ်ဆင်ပြီး အီရန်နှင့်ဆက်နွှယ်သော ဆီးရီးယားပြည်သူများကို ဖမ်းဆီးခေါ်ဆောင်”
05 Novအစ္စရေးတပ်ဖွဲ့များက ဆီးရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်ကာ မြေပြင်ထိုးစစ်ဆင်ပြီး အီရန်နှင့် ဆက်နွှယ်သော ဆီးရီးယားပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ထားသည်ဟု အစ္စရေးတပ်မတော်၏ နိုဝင်ဘာလ ၃ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုကဲ့သို့ အစ္စရေးစစ်သည်များက ဆီးရီးယားသို့ ဝင်ရောက်ခြင်းသည် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခအတွင်း ပထမဆုံးဖြစ်လာသည်။ ပြီးခဲ့သည့်နှစ်တွင် အစ္စရေးသည် ဆီးရီးယားရှိ ဟစ်ဇဘိုလာနှင့် အီရန်တာဝန်ရှိသူများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သော်လည်း ယခုကဲ့သို့ ဆီးရီးယားနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက် မှုမျိုး လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ အဆိုပါ မြေပြင်ထိုးစစ်အတွင်း ဆီးရီးယားပြည်သူများကို ဖမ်းခေါ်လာခြင်းသည် ပြီးခဲ့သည့်လများအတွင်း လုပ်ဆောင်သည့် အထူးစစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အစ္စရေးတပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အစ္စရေးစစ်ဘက်သည် ပြီးခဲ့သည့်သီတင်းပတ် ခြောက်ပတ်အတွင်း လက်ဘနွန်နိုင်ငံကို ဗုံးကြဲတိုက်ခိုက် မှုများ အဆက်မပြတ်လုပ်သည့်အပြင် ယင်းနိုင်ငံအတွင်းသို့ဝင်ရောက်၍ မြေပြင်ထိုးစစ်ဆင်မှုများ ဆောင်ရွက် ခဲ့သည်။ ၎င်းတို့၏ အကြောင်းပြချက်မှာ ဟစ်ဇဘိုလာအဖွဲ့ကို အပြီးသတ်ချေမှုန်းရန်ဖြစ်သည်ဟု ပြောထားသည်။ အစ္စရေး၏တိုက်ခိုက်မှုကြောင့် လက်ဘနွန်တွင် သေဆုံးသူ ၃,၀၀၀ နီးပါးရှိလာပြီဖြစ်ပြီး ဟစ်ဇဘိုလာ ကြောင့် အစ္စရေးပြည်သူ ၆၀ ကျော် သေဆုံးထားကြောင်း India Today သတင်းစာ၏ ဖော်ပြချက်အရသိရသည်။