ကြက်ခြေနီလှုပ်ရှားမှုအား အများပြည်သူ သိရှိနားလည်စေရန် အသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
05 Novကြက်ခြေနီလှုပ်ရှားမှုအား အများပြည်သူ သိရှိနားလည်စေရန် အသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၄ ရက်က ရန်ကုန်မြို့ရှိ Summit Parkview Hotel မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲအတွင်း ကြက်ခြေနီလှုပ်ရှားမှုရဲ့ လူမှုကရုဏာလုပ်ငန်းများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်၊ ကြက်ခြေနီလှုပ်ရှားမှုများမှာ ပိုမိုပါဝင်ဆောင်ရွက်လာစေရန်၊ ပြည်တွင်း ပြည်ပရှိ ဘေးအန္တရာယ်ကျရောက်လွယ်သူများအတွက် လူမှုကရုဏာအကူအညီပေးနိုင်တဲ့ စွမ်းဆောင်ရည် ပြည့်ဝသော အမျိုးသားကြက်ခြေနီအသင်းဖြစ်လာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှုများ ၊ အခြေခံမူများ၊ အကောင်းဆုံးလှုပ်ရှားမှု စံနမူနာများနှင့် သက်ဆိုင်တဲ့ ဗဟုသုတများကို နားလည်ကာ လေးစားလိုက်နာစေရန်သာမက ပြန်လည်ဆင့်ပွား ပေးနိုင်ရန်နှင့် လုပ်ငန်းများမှာ ပိုမိုတက်ကြွစွာနှင့် ထိရောက်စွာဆောင်ရွက်နိုင်စေရန်ပြုလုပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ယခုအလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ ပထမအကြိမ်အဖြစ် နိုဝင်ဘာလ ၄ ရက်မှ ၆ ရက်အထိလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အထိ လည်းကောင်း ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့် တက်ရောက် အမှာစကားပြောကြားခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကြည်အောင်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Cooperation Coordinator Ms. Bonny Foo တို့က တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ (NVS 003)