“ရှင်ဥပဂုတ္တမထေရ်မြတ်ပူဇော်ပွဲနှင့် မြို့လုံးကျွတ် ဆွမ်းအိုးမျှောပွဲကို ကျိုက်မရောမြို့နယ်မှာ ကျင်းပမည်”
05 Novမွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရှင်ဥပဂုတ္တမထေရ်မြတ်ပူဇော်ပွဲနှင့် မြို့လုံးကျွတ် ဆွမ်းအိုးမျှောပွဲကို တန်ဆောင်မုန်းလပြည့်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲကြီးကို တန်ဆောင်မုန်း လပြည့်နေ့ အရုဏ်တက်ချိန်မှာ အတ္တရံမြစ်ကမ်းနားရှိ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးကျောင်းဆောင်ရှေ့မှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။ အဆိုပါမြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲကို နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာဟာ ယခုနှစ်အထိ အကြိမ် (၄၀) မြောက်ရှိပြီဖြစ်ပါတယ်။ အဆိုပါဆွမ်းအိုးမျှောပွဲကျင်းပမယ့် အတ္တရံမြစ်ကမ်းနားတစ်လျှောက်မှာ နံနက်အရုဏ်တက်ချိန်မှစတင်ကာ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးကို ရိုသေလေးမြတ်စွာနဲ့ ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ ဖရောင်းတိုင်များ၊ အမွှေးနံ့သာများဖြင့် ပူဇော်ကန်တော့ကြပြီးနောက် ဆွမ်းအိုးများကို အတ္တရံမြစ်ရေတက်လာချိန်တွင် ဒေသခံပြည်သူများက မြစ်အတွင်းသို့ ဆွမ်းအိုးများမျှောကာ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးကို ပူဇော်ကြတယ်လို့ သိရပါတယ်။ (NVS 003)