“ကြံတစ်တန်ကြမ်းခင်းဈေး ကျပ် ၁၇၀,၀၀၀ သတ်မှတ်ပေးရန် ကြံစိုက်တောင်သူများ မျှော်လင့်နေ”
05 Nov၂၀၂၄-၂၀၂၅ ကြံကြိတ်ခွဲရာသီအတွက် ကြံတစ်တန်ကြမ်းခင်းဈေးကို ၁၇၀,၀၀၀ ကျပ်သတ်မှတ်ပေးရန် ကြံစိုက်တောင်သူများအနေနဲ့ မျှော်လင့်နေတယ်လို့ ကြံစိုက်တောင်သူများရဲ့ ပြောပြချက်များအရ သိရပါတယ်။ သွင်းအားစုစရိတ် မြင့်တက်လာခြင်းကြောင့် ကြံတစ်တန်ကြမ်းခင်းဈေးကို ၁၇၀,၀၀၀ ကျပ်ရရှိမှသာ အဆင်ပြေနိုင်တာကြောင့် သက်ဆိုင်ရာသကြားစက်များကို တောင်းဆိုနိုင်ရန် စီစဉ်ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့နှစ် ကြံရာသီမှာ ကြံတစ်တန် ကြမ်းခင်းဈေးနှုန်း ၁၅၀,၀၀၀ ကျပ်အထိ ဈေးအမြင့်ဆုံးရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် ကြံစိုက်တောင်သူပေါင်း ၃ သိန်းကျော်အထက်ရှိပြီး ပြည်တွင်းမှာ ကြံစိုက်ဧကပေါင်း ၄ ဒသမ ၅ သိန်းကျော် ဝန်းကျင် စိုက်ပျိုးလျက်ရှိပါတယ်။ ယင်းစိုက်ပျိုးမှုမှ သကြားထုတ်လုပ်မှုက နှစ်စဉ်ပျမ်းမျှ တန်ချိန်ပေါင်း ၄ သိန်းခွဲမှ ၅ သိန်းကြားရှိပါတယ်။ ကြံကို ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း) ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ အများဆုံးစိုက်ပျိုးကြပြီး ပဲခူးတိုင်း(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)တို့မှာ စိုက်ပျိုးကြောင်း သိရပါတယ်။ (NVS 003)