“မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်ရဟန္တာအရှင်မြတ်များ (၁၆၁)ကြိမ်မြောက်အဖြစ် ဒေသစာရီကြွချီ အပူဇော်ခံမည်”
05 Novရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီးကျောင်းတိုက်မှာ ကိန်းဝပ်စံပယ်တော်မူလျက်ရှိတဲ့ မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်များ (၁၆၁) ကြိမ်မြောက် အဖြစ် မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲကျင်းမှာဖြစ်ပြီး အဆိုပါပွဲကို နိုဝင်ဘာလ ၁၄ ရက် (တန်ဆောင်မုန်းလဆန်း ၁၄ ရက်)မှ နိုဝင်ဘာလ ၁၆ ရက်(တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်)အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြသိန်းတန်ဘုရားကြီး ကျောင်းတိုက်ဂေါပကအဖွဲ့မှ သိရပါတယ်။ မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်များ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီ အပူဇော် ခံယူပွဲမစတင်မီ တန်ဆောင်မုန်းလဆန်း ၁၂ ရက်နှင့် တန်ဆောင်မုန်းလဆန်း ၁၃ ရက်တို့တွင် အမှတ် (၂) ရပ်ကွက် ဈေးဟောင်းရှေ့ ယာယီမဏ္ဍပ်၌ နှစ်ညတာကိန်းဝပ်စံပယ်တော်မူမှာဖြစ်ပြီး မြို့ပေါ်ဘုန်းတော်ကြီးကျောင်း များမှ သံဃာ တော်အရှင်သူမြတ်များက ပဋ္ဌာန်းရွတ်ဖတ်ပူခြင်း၊ ဝတ်ရွတ်အဖွဲ့များက အလှည့်ကျပူဇော်ခြင်းများ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ မြို့တွင်းသို့ ဒေသစာရီကြွချီရာတွင်လည်း သက်ဆိုင်ရာရပ်ကွက်များအလိုက် ခေတ္တကိန်းဝပ်စံပယ်တော်မူရန် ယာယီမဏ္ဍပ်ဆောင်များဆောက်လုပ်ကာ အပူဇော်ခံခြင်းဖြင့် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင်ပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့်ပူဇော်ခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းနှင့် လိုက်ပါ ပို့ဆောင်သည့် ဘုရားဂေါပကအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ ဝတ်ရွတ်အဖွဲ့များကို စေတနာအလှူရှင်များက ကုသိုလ် ဒါနအဖြစ် မုန့်များ၊ စားသောက်ဖွယ်ရာများ လှူဒါန်းခြင်းတို့ ပြုလုပ်လေ့ရှိကြပါတယ်။ အဆိုပါ ဒေသစာရီကြွချီအပူဇော်ခံယူပွဲကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၄ ရက်မှ တန်ဆောင်မုန်းလပြည့် ကျော် ၁ ရက်အထိ သုံးရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိကာ ယခုနှစ်မှာတော့ (၁၆၁) ကြိမ်မြောက် အထိရှိပြီဖြစ်ကြောင်း သိရပါတယ်။ (NVS 004)