YUFL မှ မဟာဝိဇ္ဇာ/ဒီပလိုမာသင်တန်းသားများခေါ်ယူ
05 Novရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL)မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာ/ဒီပလိုမာ သင်တန်းသားများကို စတင်ခေါ်ယူလျက် ရှိပါတယ်။ YUFL မှ မဟာဝိဇ္ဇာအချိန်ပြည့် ၂ နှစ်သင်တန်း (အင်္ဂလိပ်ဘာသာကို နိုင်ငံခြားဘာသာအဖြစ်သင်ကြားခြင်း)၊ ဒီပလိုမာအချိန်ပြည့် ၁ နှစ်သင်တန်း(အင်္ဂလိပ်ဘာသာ)၊ အချိန်ပြည့် ၂ နှစ်သင်တန်း(အီတာလျံဘာသာ)၊ အချိန်ပိုင်း ၂ နှစ်သင်တန်း(ဘာသာဗေဒ)နှင့် အချိန်ပိုင်း ၄ နှစ်သင်တန်း(တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်းဘာသာ)များကို ဖွင့်လှစ်သင်ကြားသွားမယ်လို့ သိရပါတယ်။ အဆိုပါသင်တန်းများကို အပတ်စဥ် တနင်္လာနေ့မှသောကြာနေ့အထိ အင်္ဂလိပ်ဘာသာ(အချိန်ပြည့်) သင်တန်း များကို နံနက် ၉ နာရီမှ နေ့လည် ၃ နာရီ ၂၀ မိနစ်အထိ၊ အီတာလျံဘာသာ(အချိန်ပြည့်)သင်တန်းကို နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ၊ အချိန်ပိုင်းသင်တန်းများကို နံနက် ၇ နာရီမှ နံနက် ၈ နာရီ ၅၀ မိနစ်အထိ ဖွင့်လှစ်သင် ကြားပေးသွားမယ်လို့ သိရပါတယ်။ သင်တန်းတက်ရောက်လိုသူများက မြန်မာနိုင်ငံသားဖြစ်ပြီး မဟာဝိဇ္ဇာ (အင်္ဂလိပ်ဘာသာကို နိုင်ငံခြားဘာသာ အဖြစ်သင်ကြားခြင်း) ပထမနှစ်သင်တန်းတက်ရောက်ရန် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ ဖြစ်ရပါမယ်။ ထို့အတူ ဒီပလိုမာဘွဲ့သင်တန်းများအတွက် နိုင်ငံတော်မှအသိအမှတ်ပြုထားသော ဘွဲ့တစ်ခုခုရရှိထားသူ ဖြစ်ရမည်ဖြစ်ကာ ဘာသာဗေဒသင်တန်းအတွက် နိုင်ငံတော်မှအသိအမှတ်ပြုထားသော ဝိဇ္ဇာဘွဲ့တစ်ခုခုရရှိပြီး ဖြစ်ပါမယ်။ ဒါ့အပြင်အခြားဘွဲ့ရရှိပြီး အဆိုပါဘာသာရပ်နှင့် ဆက်စပ်နှီးနွယ်တဲ့လုပ်ငန်းလုပ်ကိုင်သူများ (ဘာသာပြန်/ စကားပြန်ပြုလုပ်သူများ၊ ဘာသာစကားသင်ကြားသူများ၊ သတင်းမီဒီယာလုပ်ငန်းဆောင်ရွက်နေသူများ) လည်း လျှောက်ထားနိုင်ကာ သင်တန်းဝင်ခွင့်လျှောက်လွှာအား နိုဝင်ဘာလ ၁၃ ရက်နောက်ဆုံးထားပေးပို့ရမှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူများအနေနဲ့ သင်တန်းဝင်ခွင့်စာမေးပွဲဖြေဆိုရမည်ဖြစ်ကာ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း မော်ကွန်းထိန်းရုံးခန်း (စာမေးပွဲဌာန/ကျောင်းသားရေးရာဌာနနှင့် ဖုန်း ဝ၁ -၇၅၁၃၁၉ဝ တို့သို့ဆက်သွယ် မေးမြန်းနိုင်တယ်လို့ သိရပါတယ်။ (NVS 008)