“ငှက်ဖျားရောဂါ ကူးစက်မှုအမြင့်ဆုံးဖြစ်တဲ့ ဗန်းမောက်မြို့နယ်အတွင်း ဆေးဝါးများ ဖြန့်ဝေသွားမည်”

04 Nov

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်မှာ ငှက်ဖျားရောဂါကူးစက်မှုအမြင့်ဆုံးဖြစ်ပွားတဲ့ ဒေသဖြစ်ခဲ့ပြီး အဆိုပါဒေသအတွက် ငှက်ဖျားရောဂါတိုက်ဖျက်ဆေးဝါးများကို ယခုနိုဝင်ဘာလ ဒုတိယပတ်အတွင်း ဆေးဝါးများ ဖြန့်ဝေပေးသွားမယ်လို့ သိရပါတယ်။ ဗန်းမောက်မြို့တွင် HIV၊ တီဘီနှင့် ငှက်ဖျားရောဂါဖြစ်ပွားနေတဲ့ ဒေသခံများအတွက် ကျေးလက်ကျန်းမာရေး အဖွဲ့များက လိုအပ်သည့်ဆေးဝါးများကို ဖြန့်ဝေပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဆေးဝါးများ ဖြန့်ဝေပေးရာတွင် HIV ရောဂါအတွက် ART ဆေးအပါအဝင် တီဘီနှင့် ငှက်ဖျားရောဂါများအတွက် ရောဂါအလိုက် ပိုးတွေ့ရှိသူ မည်သူ့ကိုမဆို ဆေးဝါးများ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။ အခုလို ဆေးဝါးများဖြန့်ချိရာမှာ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် လိုအပ်တဲ့ဆေးဝါး ၃ လစာကြိုတင်ပေးခြင်း၊ ကျန်းမာရေးဆရာ/ဆရာမများမှတစ်ဆင့် လစဉ်ဆေးဝါးများ ဖြန့်‌ဝေခြင်းတို့ကိုလည်း ပြုလုပ်သွားရန် စီစဉ်လျက်ရှိနေပါတယ်။ မြန်မာပြည်အထက်ပိုင်း ၊ ဗန်းမောက်မြို့က ငှက်ဖျားကူးစက်မှု အမြင့်ဆုံးစာရင်းမှာပါဝင်နေပြီး ၂၀၁၅ ခုနှစ်မှ စတင်၍ ၂၀၁၆ ခုနှစ်အထိ ငှက်ဖျားပိုးတွေ့ရှိသူ ၃,၀၀၀ ကျော်၊ ၂၀၁၇ ခုနှစ်တွင် ၂,၀၀၀ ကျော်၊ ၂၀၁၈ ခုနှစ်တွင် ၁,၇၀၀ ကျော်၊ ၂၀၁၉ ခုနှစ်တွင် ၈၀၀ ကျော်၊ ၂၀၂၀ ပြည့်နှစ်တွင် ၆၀၀ ကျော်နှင့် ၂၀၂၁ ခုနှစ်၊ ဇွန်လအထိ ငှက်ဖျားပိုး စစ်ဆေးကုသပေးခဲ့ရသူ ၃၀၀ ကျော်ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့ရဲ့ စာရင်းများအရ သိရပါတယ်။ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ဆေးဝါးများသယ်ယူရေးအတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရပြီး ၂၀၂၂ ခုနှစ်မှစတင်၍ ကာကွယ်ဆေးအပါအဝင် ဆေးဝါးအများစု ပြတ်တောက်နေခဲ့တာ ဖြစ်ပါတယ်။ (NVS 003)

04 Nov

ADVERTISE HERE .