အီရန်က အစ္စရေးကို ရက်ပိုင်းအတွင်း ပြန်လည်တိုက်ခိုက်မှုလုပ်နိုင်

02 Nov

အီရန်က ပြီးခဲ့သည့်သီတင်းပတ်တွင် အစ္စရေး၏တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် ပြန်လည် တိုက်ခိုက်မှုများကို ရက်ပိုင်းအတွင်း လုပ်ဆောင်နိုင်ခြေရှိကြောင်း အမည်မဖော်လိုသူသတင်းအရင်းအမြစ်များ၏ ပြောဆိုမှုကိုကိုးကား၍ အမေရိကန်သတင်းဌာနများက ဖော်ပြထားသည်။ အထူးသဖြင့် အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၅ ရက်မတိုင်မီ အီရန်က ပြန်လည် တိုက်ခိုက်မှုကို လုပ်ဆောင်လာနိုင်ခြင်းဖြစ်ပြီး ယခုတိုက်ခိုက်မှုက အစ္စရေးကို အထိနာစေနိုင်သည်ဟု CNN သတင်းဌာနက ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် အီရန်ထိပ်တန်းအရာရှိကြီး အနည်းဆုံးသုံးဦးကလည်း ၎င်းတို့အနေဖြင့် အစ္စရေး အပေါ် လက်တုံ့ပြန်တိုက်ခိုက်မှု လုပ်ဆောင်သွားမည်ဟု ကတိပြုထားကြောင်း Tasnim သတင်းဌာနက ဖော်ပြ ထားသည်။ ထို့အတူ အီရန်အနေဖြင့် အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအတွင်း အစ္စရေးကို တိုက်ခိုက်မှုလုပ်ဆောင်ရန် ပြင်ဆင်နေသည်ကို ထောက်လှမ်းရေးအဖွဲ့က တွေ့ရှိထားကြောင်း အစ္စရေးသတင်း အရင်းအမြစ်နှစ်ခုက Axios သတင်းဌာနသို့ ပြောသည်။ သို့သော် ထိုသို့သောတိုက်ခိုက်မှုသည် အမေရိကန်သမ္မတရွေးကောက်ပွဲပြီးမှသာ ဖြစ်နိုင်ကြောင်း၊ အကြောင်းရင်းမှာ ဒေါ်နယ်ထရမ့်အနေဖြင့် ပြန်လည်ရွေးကောက်ခံရန် အခွင့်အရေးမရစေလိုသောကြောင့် ဖြစ်ကြောင်း New York Times သတင်းစာက ဖော်ပြထားသည်။ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို လိုအပ်သည်ထက်ပို၍ တိုက်ခိုက်မှုများ စတင်လုပ်ဆောင်စဉ် ကတည်းက အစ္စရေးနှင့်အီရန်တို့ကြား တင်းမာမှုများဖြစ်ပေါ်လာခြင်းဖြစ်ရာ နောက်ပိုင်းတွင် အစ္စရေးက အီရန်နိုင်ငံအတွင်းထဲအထိ ဝင်ရောက်ကာ ချေမှုန်းမှုများလုပ်ဆောင်ခဲ့သောကြောင့် ဒုံးကျည်များဖြင့် အပြန်အလှန် ပစ်ခတ်ရသည်အထိ တင်းမာမှုများ ပိုမိုမြင့်တက်လာရခြင်းဖြစ်သည်။

02 Nov

ADVERTISE HERE .