“အိန္ဒိယနိုင်ငံမှ မြန်မာမတ်ပဲကို တန်ချိန် ၅ သိန်းအထိ တိုးမြှင့်ဝယ်ယူမည်”

31 Oct

အိန္ဒိယနိုင်ငံမှ လာမယ့် ၂၀၂၅ ခုနှစ်ကစပြီး မြန်မာမတ်ပဲကို တန်ချိန် ၅ သိန်းအထိ တိုးမြှင့်ဝယ်ယူသွားမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်းပါသိရတယ်။ ယခင်ချုပ်ဆိုထားသော အိန္ဒိယ-မြန်မာမတ်ပဲကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာက လာမည့် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်း သာ ဝယ်ယူရန် ချုပ်ဆိုထားခြင်းဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ အသစ်ထပ်ချုပ်မည့် MOU မှာတော့ အိန္ဒိယက မြန်မာမတ်ပဲကို တန်ချိန် ၂ ဒသမ ၅ သိန်းခန့် ထပ်မံတိုးပြီးဝယ်ယူမှာဖြစ်တာကြောင့် တန်ချိန် ၅ သိန်းအထိ အခွန်ကင်းလွတ်ဖြင့် တင်ပို့ခွင့်ရရှိမှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လူဦးရေများပြားမှုနှင့်အတူ မတ်ပဲနဲ့ ပဲစင်းငုံစိုက်ပျိုးမှုလျော့ကျသောကြောင့် စားနပ်ရိက္ခာ လိုအပ်ချက်များတဲ့အတွက် မြန်မာနိုင်ငံကနေ မတ်ပဲကို တန်ချိန်တိုးမြှင့်ဝယ်ယူလာခြင်း ဖြစ်ပါတယ်။ ယခုလို မတ်ပဲကို တန်ချိန်သိန်းဂဏန်းအထိ ထပ်တိုးဝယ်ယူမယ့်အခြေအနေကြောင့် လာမည့်နှစ် မတ်ပဲအသစ်များပေါ်လျှင် မတ်ပဲ ဈေးကွက်က လက်ရှိဈေးနှုန်းထက် ကျဆင်းသွားနိုင်သောအခြေအနေမရှိကြောင်း ကုန်သည်များက သုံးသပ်ထား ပါတယ်။ လက်ရှိမှာ မတ်ပဲဈေးက ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ FAQ တစ်တန်ကို ငွေကျပ် ၃,၈၀၀,၀၀၀ ရှိပြီး နယ်ကုန်စည်ဒိုင်တွေမှာ ပိဿာ ၂၀ တစ်တင်းကို ငွေကျပ် ၁၂၃,၅၀၀ ဈေးရရှိနေပါတယ်။ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးကဏ္ဍ ငွေပေးချေမှုစနစ်ကို အမေရိကန်ဒေါ်လာအပြင် ရူပီးတိုက်ရိုက်ပေးချေနိုင် ကြောင်း စီးပွားကူးသန်းကအသိပေးထားပါတယ်။ မြန်မာ့မတ်ပဲကို အိန္ဒိယနိုင်ငံကသာ အဓိကဝယ်ယူပြီး တင်ပို့ရခြင်း ဖြစ်တာကြောင့် မတ်ပဲဈေးအတက်အကျမှာ အိန္ဒိယနိုင်ငံရဲ့ ဝယ်လိုအားနှင့် နိုင်ငံခြားငွေကြေးဈေးကွက် အတက်အကျ အပေါ်မူတည်ကြောင်း သိရပါတယ်။ (NVS 004.)

31 Oct

ADVERTISE HERE .