“ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပျဉ်းမနားမြို့နယ် ရေဘေးသင့်နေအိမ်များ ပြန်လည်တည်ဆောက်ပေးနေမှု ကြည့်ရှုစစ်ဆေး”
30 Octအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီရဲ့ အစီအစဉ်နဲ့ နေပြည်တော် ကောင်စီနယ်မြေ မြို့နယ်သုံးမြို့နယ်အတွင်းမှ ကျေးရွာလေးရွာရှိ ရေဘေးသင့်နေအိမ်များအနက် အလုံးစုံပြန်လည် ပြင်ဆင်ရမယ့် နေအိမ် ၃၄ လုံး၊ တစ်စိတ်တစ်ပိုင်း ပြင်ဆင်ခြင်း ၁၀ လုံး စုစုပေါင်း ၄၄ လုံးကို အလှူရှင် CB Bank ဥက္ကဋ္ဌရဲ့ လှူဒါန်းငွေကျပ်သိန်း ၃,၀၀၀ နဲ့ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို အောက်တိုဘာလ ၂၉ ရက်မွန်းလွဲပိုင်းက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးကြပါတယ်။ ဦးစွာ ပျဉ်းမနားမြို့နယ် ကျွန်းဦးခေတ်မီစံပြကျေးရွာသို့ ရောက်ရှိပြီး ထိခိုက်ပျက်စီးဆုံးရှုံးသွားသော ပဲကြော် ပဲလှော်ဖိုများ ပြန်လည်ပြင်ဆင်ပြီးစီးမှု၊ အသစ်တည်ဆောက်မှု၊ ကုန်ကြမ်းများ ဝယ်ယူကြိတ်ခွဲလည်ပတ်နေမှုနှင့် အခြားသောကုန်ထုတ်လုပ်ငန်းများဖြစ်သည့် စာလေးခွေလုပ်ငန်းနှင့် ဆီစက်လုပ်ငန်းများကို လိုက်လံကြည့်ရှု စစ်ဆေး ခဲ့ကာ လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပါတယ်။ အဆိုပါလုပ်ငန်းများ အချိန်မီပြန်လည်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် တန်ဖိုးမြှင့်ကုန်ထုတ် သမဝါယမ အသင်းများ ဖွဲ့စည်းခဲ့ပြီး သမဝါယမဦးစီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်မှာ ငွေကျပ်သိန်း ၁,၄၅၀ ကို သက်သာသော အတိုးနှုန်းနဲ့ ကူညီပံ့ပိုးပေးခဲ့ရာ ဒေသခံလုပ်သားများ မှီခိုအားထားနေတဲ့ ပဲကြော်ပဲလှော်ဖို ၄၆ ဖိုအနေနဲ့ ရာနှုန်းပြည့် ပြန်လည်လည်ပတ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ထို့နောက် ကျွန်းဦးကျေးရွာအတွင်းမှာ ရေဘေးသင့်၍ အလုံးစုံပျက်စီးသွားသော နေအိမ်များ ပြန်လည် တည်ဆောက်ပေးနေမှု၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသောနေအိမ်များ ပြန်လည်ပြင်ဆင်တည်ဆောက်ပေးနေမှု တို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့တယ်လို့ သိရပါတယ်။(NVS 004)