“YPS ကတ်များကို Mobile Money Application များမှတစ်ဆင့် ငွေဖြည့်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်မည်”

29 Oct

ရန်ကုန်မြို့ရှိ YBS ယာဉ်များကို စီးနင်းရာတွင် အသုံးပြုလျက်နေကြတဲ့ YPS ကတ်များကို KBZ Pay၊ Wave Money စတဲ့ Mobile Money Application များမှတစ်ဆင့် ငွေဖြည့်နိုင်ရန် လာမယ့် ၂၀၂၅ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ သိရပါတယ်။ ရန်ကုန်မြို့အတွင်းရှိ YBS ယာဉ်များကို စီးနင်းသွားလာနေတဲ့ ခရီးသွားပြည်သူများအနေနဲ့ ယာဉ်စီးခများကို လွယ်ကူလျင်မြန်စွာ ပေးချေနိုင်စေရန် YPS ကတ်များနှင့် QR Code စနစ်များ ပြုလုပ်ပေးလျက်ရှိရာ လက်ရှိအချိန်မှာတော့ YPS ကတ်အသုံးပြုသူ ၂၃ဝ,ဝဝဝ ကျော်ရှိပြီး QR Code စနစ်အသုံးပြုသူ ၂,ဝဝဝ ကျော်ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် YPS ကတ်များနှင့် QR Code စနစ်များကို Asia Starmar Transport Intelligent Co.ltd မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ယခုအခါ YBS ယာဉ်လိုင်းကုမ္ပဏီပေါင်း ၁၈ ခုရှိ YBS မော်တော်ယာဉ်များတွင် POS စက်ပေါင်း ၃,၉ဝဝ ကျော် တပ်ဆင်ထားပြီဖြစ်ကာ ကျန်ရှိသော YBS ယာဉ်များတွင်လည်း ဆက်လက်တပ်ဆင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိနေပါတယ်။ YPS ကတ်နှင့် QR Code စနစ်များ ပြုလုပ်ပေးတဲ့ အရောင်းကောင်တာများကိုလည်း ရန်ကုန်မြို့ရှိ ဆူးလေ၊ မြန်မာပလာဇာ၊ လှည်းတန်း၊ သခင်မြပန်းခြံ၊ ၈ မိုင်နှင့် အခြားလူစည်ကားရာ ကားမှတ်တိုင်များအနီးတွင် ဖွင့်လှစ်ပေးထား လျက်ရှိသည့်အပြင် G & G စတိုးဆိုင်များ၊ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံများနှင့် Capital Shopping Center များတွင်လည်း YPS ကတ်များရောင်းချခြင်း၊ ငွေဖြည့်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

29 Oct

ADVERTISE HERE .