“ခေတ်မီဒီဇယ်လျှပ်စစ် (DEMU) ရထား စီးနင်းမှုများပြား၍ ဘူတာများ၌ လက်တန်းပါသံလှေကားများစီစဉ်ထားရှိ”
29 Octမြန်မာ့မီးရထားမှ ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်း အသီးသီးမှာ လူစီးရထားများ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိပြီး ခေတ်မီလေအေးပေးစက်ပါ (DEMU) ရထားတွဲဆိုင်းများ အသုံးပြုကာ ပဲခူး-ရန်ကုန်-ပဲခူး ခရီးစဉ်ကို ပြေးဆွဲပေးလျက်ရှိပါတယ်။ ပဲခူးမြို့တွင်းနှင့် ရန်ကုန်မြို့တွင်းသို့ ယာဉ်ကြောပိတ်ဆို့မှုမရှိဘဲ အချိန်တိုအတွင်း ရောက်ရှိစေကာ ဈေးနှုန်းသက်သာစွာ စီးနင်းနိုင်မှုကြောင့် ခရီးသည်များ ကြိုက်နှစ်သက်ကြပြီး ရထားစီးခရီးသည်စီးနင်းမှု များပြားလျက်ရှိတယ်လို့ သိရပါတယ်။ ပဲခူး-ရန်ကုန် (DEMU)ရထားက ပဲခူးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နံနက် ၈ နာရီ မိနစ် ၂၀ တွင် ရောက်ရှိပြီး အမှတ် (၁၅)အဆန် ရန်ကုန်-ပဲခူး (DEMU)ရထားက ရန်ကုန်ဘူတာမှ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြန်လည်ထွက်ခွာ၍ ပဲခူးဘူတာသို့ ည ၇ နာရီ ၅ မိနစ်တွင် ဆိုက်ရောက်မှာဖြစ်ပါတယ်။ လမ်းခရီးတွင် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူ စုစုပေါင်း ၁၂ ဘူတာတွင် ရပ်တန့်ပေးခြင်းကြောင့် စီးနင်းသူ ပြည်သူများအနေနဲ့ အလုပ်သွား/အလုပ်ပြန် အဆင်ပြေသည့်အပြင် လမ်းခရီးတစ်လျှောက် ကြားဘူတာများသို့ လိုက်ပါစီးနင်းကြသူများ အတွက်ပါ အဆင်ပြေမှုရှိပြီး ရထားစီးခရီးသည်စီးနင်းမှု များပြားနေတာဖြစ်ပါတယ်။ မြန်မာ့မီးရထားအနေနဲ့ ရထားစီးခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်စေရေးအတွက် အဆိုပါရထားပြေးဆွဲပေးနေသည့် ဘူတာများမှာ လက်တန်းသံလှေကားများ ပြုလုပ်တပ်ဆင်ပေးထားပြီး ရထား ဆိုက်ရောက်/ထွက်ခွာချိန်များမှာ အဆင်ပြေလွယ်ကူစွာ အတက်/အဆင်းပြုလုပ်နိုင်ကာ လိုက်ပါစီးနင်းနိုင်စေရေး စီစဉ်ထားရှိကြောင်းသိရပါတယ်။ (NVS- 004)