“ဗိုလ်တထောင်စေတီတော်တွင် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပြိုင်ပွဲကျင်းပမည်”
29 Octလာမည့် တန်ဆောင်တိုင်ကာလတွင် ဗိုလ်တထောင်ကျိုက်ဒေးအပ်စေတီတော်မှာ အကြိမ်(၄၀)မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပြိုင်ပွဲကျင်းပပြီး ဆက်ကပ်ပူဇော်ပွဲသွားမယ်လို့ စေတီတော်ကြီးရဲ့ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကနေ သိရပါတယ်။ အဆိုပါအခမ်းအနားကို လာမယ့် တန်ဆောင်မုန်းလဆန်း ၁၄ ရက်(နိုဝင်ဘာလ ၁၄ ရက်) နှင့် တန်ဆောင်မုန်းလပြည့်နေ့(နိုဝင်ဘာလ ၁၅ ရက်)တို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ အဆိုပါပွဲတော်ကို ဗိုလ်တထောင်စေတီတော် တိုးချဲ့ရင်ပြင်မှာ ကျင်းပမည်ဖြစ်ရာ ရက်ကန်းစင်တော် ၂၄ စင်နဲ့ စည်ကားသိုက်မြိုက်စွာ ယှဉ်ပြိုင်ရက်လုပ်ပြီး ရရှိလာမယ့် မသိုးရွှေကြာသင်္ကန်းကို ဂေါတမမြတ်စွာဘုရားဆံတော် မြတ်ရတနာနှင့် ဗုဒ္ဓရုပ်ပွားတော် ၂၄ ဆူတို့ကို ဆက်ကပ်လှူဒါန်းမှာ ဖြစ်ပါတယ်။ မသိုးရွှေကြာသင်္ကန်းရက်ပြိုင်ပွဲမှာ ပထမဆုကျပ် ၁၅ သိန်း၊ ဒုတိယဆုကျပ် ၁၀ သိန်း၊ တတိယဆုကျပ် ၈ သိန်း၊ နှစ်သိမ့်ဆုများအဖြစ် ကျပ်လေးသိန်းစီနဲ့ ဆုတံဆိပ်များကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပါဝင်စားသူများ အနေနဲ့ လာမယ့်နိုဝင်ဘာလ ၅ ရက် ညနေ ၃ နာရီမတိုင်မီ ဂေါပကအဖွဲ့ရုံးသို့ လျှောက်လွှာစာရင်း တင်သွင်းကြဖို့ကို ဖိတ်ခေါ်ထားပါတယ်။ (NVS 004)