“(၆၈) ကြိမ်မြောက် Ballon d'Or ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည်”
28 Oct(၆၈) ကြိမ်မြောက် Ballon d'Or ဆု ချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၈ ရက် ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။ ဘောလုံးလောကအတွက် ဂုဏ်သိက္ခာကြီးမားတဲ့ Ballon d'Or ဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ၁၉၅၆ ခုနှစ်မှစ၍ ပေးအပ်ချီးမြှင့်နေခြင်းဖြစ်ပြီး ယခုနှစ်မှာ (၆၈) ကြိမ်မြောက်အဖြစ် ကျင်းပမှာဖြစ်ပါတယ်။ ယခုနှစ် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြင်သစ်ဘောလုံး မဂ္ဂဇင်းနှင့်အတူ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ပထမဆုံးအကြိမ် ပူးပေါင်း ကျင်းပမှာဖြစ်ပြီး အမျိုးသားအသင်းနည်းပြဆုနှင့် အမျိုးသမီးအသင်းနည်းပြဆုကိုလည်း ထပ်တိုးချီးမြှင့်ရန် စီစဉ်ထား ပါတယ်။ ယခုနှစ်တွင် အမျိုးသားကစားသမားဆု (Ballon d'Or) ၊ အမျိုးသမီးကစားသမားဆု (Ballon d'Or Ferminin) ၊ လူငယ်ကစားသမားဆု (Kopa Trophy) ၊ ဂိုးသမားဆု (Yashin Trophy) ၊ တိုက်စစ်မှူးဆု (Gerd Muller Trophy) ၊ လူသားချင်းစာနာမှုဆိုင်ရာထူးချွန်ဆု (Socrates Award)၊ အမျိုးသားကလပ်အသင်းဆု၊ အမျိုးသမီးကလပ်အသင်းဆု၊ အမျိုးသားအသင်းနည်းပြဆု၊ အမျိုးသမီးအသင်းနည်းပြဆုစတဲ့ ဆုအမျိုးအစား စုစုပေါင်း ၁၀ ခု ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။ အမျိုးသားကစားသမားဆုနှင့် အမျိုးသမီးကစားသမားဆုအတွက် ဆန်ခါတင် ၃၀ စာရင်း၊ လူငယ် ကစားသမားဆုနှင့် ဂိုးသမားဆုအတွက် ဆန်ခါတင် ၁၀ ဦးစာရင်း၊ နည်းပြဆုအတွက် ဆန်ခါတင်ခြောက်ဦးစာရင်း၊ ကလပ်အသင်းဆု အတွက် ဆန်ခါတင်ငါးသင်းစာရင်း ထုတ်ပြန်ထားပါတယ်။ (NVS 008)