အစ္စရေးက အီရန်ရှိ စစ်ရေးပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက် အီရန်က အစ္စရေးကို လက်တုံ့ပြန်မည်ဟုဆို

27 Oct

အစ္စရေးစစ်ဘက်က အောက်တိုဘာလ ၂၆ ရက် နံနက်ပိုင်းတွင် အီရန်ရှိ စစ်ရေးပစ်မှတ်များကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုလုပ်ဆောင်ချက်သည် အီရန်က အစ္စရေးကို ဒုံးကျည်များဖြင့် တိုက်ခိုက်မှု အတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်မှုလုပ်ဆောင်ပြီးနောက် နာရီအနည်းငယ်အကြာတွင် အစ္စရေးက ၎င်းတို့၏လက်တုံ့ပြန်မှု အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ကြောင်း၊ သတ်မှတ်ထားသောပစ်မှတ်များကို တိကျစွာထိမှန်ကြောင်းနှင့် အီရန် အနေဖြင့် အစ္စရေးကို လက်တုံ့မပြန်ရန်သတိပေးကြောင်း အစ္စရေးစစ်ဘက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ အစ္စရေးက အီရန်နိုင်ငံရှိ ပစ်မှတ်များကို နံနက် ၂ နာရီဝန်းကျင်တွင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ တီဟီရန် မြို့နှင့် အနီးရှိစစ်စခန်းများမှနေ၍ ပေါက်ကွဲသံများကိုကြားရကြောင်း အီရန်ပြည်တွင်းသတင်းဌာနများက ထုတ်ပြန်ထားသည်။ တစ်ချိန်တည်းမှာပင် အစ္စရေး၏ တိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်တိုက်ခိုက်ရန် အသင့်ရှိကြောင်း အီရန်အဆင့်မြင့်အရာရှိကြီးများ၏ ပြောဆိုချက်ကိုကိုးကား၍ ပြည်တွင်းသတင်းဌာနများက ဆက်လက်ဖော်ပြ ထားသည်။ ထို့အတူ အစ္စရေးဘက်က ဝင်လာသောဒရုန်းများကို အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်က ကြားဖြတ်ပစ်ချမှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း အီရန်တာဝန်ရှိသူများက ပြောသည်။ အီရန်က အောက်တိုဘာလ ၁ ရက်တွင် အစ္စရေးသို့ ဒုံးကျည်အစင်းပေါင်း ၂၀၀ နီးပါးဖြင့် တိုက်ခိုက်ထားခြင်းဖြစ်သည်။

27 Oct

ADVERTISE HERE .