“ပဲခူးမြို့၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြီးနှင့် ဈေးရောင်းပွဲတော်ကျင်းပမည်”

25 Oct

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ မြန်မာ့ရိုးရာ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြီးနှင့် ဈေးရောင်းပွဲတော်အား နိုဝင်ဘာလ ၉ ရက်မှ ၁၇ ရက်အထိ ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းနှင့် ဘုရားအနောက်ဘက်မုခ်ရှိ ယာဉ်ရပ်နားကွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ တန်ဆောင်တိုင်ပွဲတော်ကြီးတွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်လျက်ရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSMEs) လူသုံးကုန်၊ စားသုံးကုန်နှင့် စိုက်ပျိုးရေး/မွေးမြူရေးထုတ်ကုန် တိုက်ရိုက်အရောင်း ဆိုင်များ၊ နိုဝင်ဘာလ ၁၄ ရက် ညပိုင်းတွင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီ ရင်ပြင်တော်မှာ မသိုးသင်္ကန်းရက်လုပ်ခြင်း၊ နိုဝင်ဘာလ ၁၅ ရက်မှာ ဆုတောင်းပြည့်ရွှေမော်ဓောစေတီရင်ပြင်တော်ရှိ မြတ်ဗုဒ္ဓရုပ်ပွားတော်မြတ်များအား မသိုးသင်္ကန်း များ ဆက်ကပ်လှူဒါန်းခြင်း၊ ဘုရားစေတီများတွင် ဆီမီး ၁၀,၀၀၀ ထွန်းညှိပူဇော်ခြင်း၊ ရွှေမော်ဓောဘုရားလမ်းတွင် စင်တင်ဖျော်ဖြေမှုများ၊ ဖျော်ဖြေရေးယာဉ်များဖြင့် မြို့တွင်းလှည့်လည် ဖျော်ဖြေမှုများကို နိုဝင်ဘာလ ၁၄ ရက်မှ ၁၅ ရက်အထိ နှစ်ညတိုင်တိုင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ယာဉ်ရပ်နားကွင်းမှာ နိုင်ငံကျော်အနုပညာရှင်များက ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ညမီးကြီး၊ စိန်နားပန်နှင့် အလှရုပ်များအပါအဝင် မီးပုံးပျံများလွှတ်တင်ခြင်း၊ မီးရှူး၊ မီးပန်းများပစ်ဖောက် ခြင်း၊ နိုဝင်ဘာလ ၁၅ ရက်၊ နံနက်ပိုင်းမှစတင်ပြီး ဗုဒ္ဓအသံဓမ္မဗိမာန်ရှေ့မဏ္ဍပ်မှာ ပွဲတော်လာပရိသတ်များအား မြို့မိမြို့ဖ များက စတုဒိသာများဖြင့် ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

25 Oct

ADVERTISE HERE .