“ဘာစီလိုနာအသင်းနဲ့ပြိုင်ပွဲစုံပွဲပေါင်း ၁၀၀ ပြည့်ခဲ့တဲ့ ပွဲစဉ်မှာ ဟတ်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ရာဖင်ဟာ”
25 Oct
တောင်ပံကစားသမား ရာဖင်ဟာ ဟာ ဘာစီလိုနာအသင်း ကစားသမားဘဝ ပြိုင်ပွဲစုံပွဲ ၁၀၀ ပြည့်မြောက်တဲ့ ပွဲစဉ်မှာ ဟတ်ထရစ်သွင်းဂိုးယူနိုင်ခဲ့ပါတယ်။ ရာဖင်ဟာ အနေနဲ့ အောက်တိုဘာလ ၂၄ ရက်မှာကစားခဲ့တဲ့ ဥရောပချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲ အမှတ်ပေးလိဂ် အဆင့်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းကို လေးဂိုး၊ တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုး ၃ ဂိုးသွင်းယူနိုင်ပြီး မှတ်တမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနှင့်အတူ ၂၀၂၂-၂၀၂၃ မှ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ပွဲ ၁၀၀ ကစားပြီး ၂၉ ဂိုး သွင်းယူကာ ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ရာဖင်ဟာ အနေနဲ့ အခုလို ပွဲပေါင်း ၁၀၀ ပြည့် မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့လို့ အတိုင်းမသိ ပျော်ရွှင်မိကြောင်းနဲ့ နောက်ထပ်လည်း အခုလိုမှတ်တမ်းကောင်းတွေနဲ့ အသင်းအောင်မြင်မှုရရှိဖို့ ဆက်လက်ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၃ ပွဲကစားပြီးချိန်မှာ ရမှတ် ၆ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် (၁၀) မှာ ရပ်တည်နေပြီး ရှုံးပွဲ ၂ ပွဲဆက်ကြုံခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်အသင်းကတော့ ရမှတ် ၃ မှတ်နဲ့ အဆင့် (၂၃) နေရာမှာ ရပ်တည်နေပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံး ၈ သင်းသာ ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက် ခွင့်ရမယ့် အနေအထားမှာ ဘာစီလိုနာရော ဘိုင်ယန်မြူးနစ်အသင်းအတွက်ပါ လက်ကျန်ပွဲစဉ်တွေမှာ အမှားအယွင်း မရှိအောင် ကစားရတော့မှာ ဖြစ်ပါတယ်။ (NVS 008)