“ရက် (၉၀) နှင့် ထွန်းပုမျိုးစပါးများကို ဆက်သွယ်ဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ထုတ်ပြန်”
24 Octစိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တို့ပူးပေါင်း၍ စိုက်ပျိုးထုတ်လုပ်ခဲ့တဲ့ ရက် (၉၀) နှင့် ထွန်းပုဆင့်ပွားမျိုးစေ့အဆင့်ရှိ (Foundation Seed) စပါးမျိုးကောင်းမျိုးသန့်များကို တစ်တင်းလျှင် ၆၅,၀၀၀ ကျပ်နှုန်းဖြင့် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် မျိုးစေ့ဖြန်ဖြူးမည့်သူများကို ဦးစားပေးအနေနဲ့ ရောင်းချ ပေးသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ အသိပေးကြေညာထားပါတယ်။ အဆိုပါ မျိုးစပါးများကို အကန့်အသတ်မရှိ ဝယ်ယူနိုင်ကြောင်းနဲ့ မျိုးစေ့ပြန်ပွားစေမယ့် တောင်သူများကို အဓိကထားပြီး ရောင်းချပေးသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူက ပြောပါတယ်။ မျိုးစပါးများကို ဝယ်ယူလိုသူများအနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်များ ပေးပို့ဆက်သွယ်နိုင်ပြီး အသင်းချုပ်မှ ပြန်လည်ပေးပို့တဲ့ ဘဏ်အကောင့်သို့ ငွေပေးသွင်းပြီးပါက စိုက်ပျိုးရေး သုတေသနဦးစီးဌာနတွင် ငွေသွင်းပြေစာကို ပြသ၍ မျိုးစပါးများကို သွားရောက်ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ မျိုးစေ့ပြန်ပွားမယ့် တောင်သူတွေအနေနဲ့ မည်သည့်နေရာဒေသမှာ မျိုးစေ့များကို ပြန်ပွားထားခြင်းကို ပြန်လည်တင်ပြပေးရမှာဖြစ်ပါတယ်။ ရက်(၉၀)နှင့် ထွန်းပုဆင့်ပွားမျိုးစေ့အဆင့်ရှိ(Foundation Seed) စပါးမျိုးကောင်းမျိုးသန့်များကို ဝယ်ယူလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၁-၂၃၀၁၁၂၈ ၊ ၀၁-၂၃၀၁၁၂၉ , ၀၉-၄၂၀၇၇၃၂၂၂ တို့ကို ဆက်သွယ်မှာယူနိုင်ကြောင်း အသိပေးကြေညာထားတာဖြစ်ပါတယ်။ (NVS 008)