“သီတင်းကျွတ်ပိတ်ရက်ကာလအတွင်း ခရီးသွားဧည့်သည် ၁၅,၀၀၀ ကျော် ငွေဆောင်ကမ်းခြေသို့ လာရောက် လည်ပတ်”
24 Octသီတင်းကျွတ်ပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည် ၁၅,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ရာ ပြီးခဲ့တဲ့နှစ် သီတင်းကျွတ်ပိတ်ရက်ကာလမှာ ပြည်တွင်းခရီးသွား ၁၀,၀၀၀ ကျော်၊ ပြည်ပခရီးသွား ၇၀၀ ကျော်သာဝင်ရောက်မှုရှိခဲ့ပြီး ယခုနှစ်မှာ ခရီးသွားဧည့်သည်များ ပိုမိုတိုးတက်၍ လာရောက်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ ငွေဆောင်ဒေသတွင် အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်း၊ ဘုရားသုံးဆူနှင့် မိုးမခဆင်စခန်း စတဲ့အပန်းဖြေနေရာများသို့ သွား ရောက်လည်ပတ်နိုင်ကာ မြို့တွင်းရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်များနှင့် ဒေသထွက်အစားအစာများကိုလည်း ပိတ်ရက်အပန်းဖြေကာလအတွင်း လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည်များ စိတ်ကျေနပ်စွာဖြင့် ဝယ်ယူစားသုံး နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် လက်ရှိပွင့်လင်းရာသီတွင် ပြည်တွင်းလေကြောင်းလိုင်းများမှ ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲပေးနေသလို ခရီးသည်တင်ယာဉ်လိုင်းများနှင့် မော်တော်ယာဉ်စင်းလုံးငှား ဝန်ဆောင်မှု များကလည်း ပုံမှန်ပြေးဆွဲပေးနေတာကြောင့် အပန်းဖြေလာရောက်သူများနှင့် စည်ကားလျက်ရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)