“ဆွီယာတက်ခ် ကို ကျော်ဖြတ်ကာ ကမ္ဘာ့အဆင့် (၁) နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ ဆာဘာလန်ကာ”
23 Octအခုတစ်ပတ်ထုတ်ပြန်တဲ့ အမျိုးသမီးတင်းနစ်ကစားသမား ကမ္ဘာ့အဆင့်ရပ်တည်ချက်မှာ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ က ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အဆင့် (၁) နေရာကို ရောက်ရှိလာခဲ့ ပါတယ်။ ၂၀၂၄ ခုနှစ်နှစ်ဆန်ပိုင်းမှာ ဩစတြေးလျအိုးပင်းချန်ပီယံဆုရရှိခဲ့သလို ပြီးခဲ့တဲ့လက ယူအက်စ်အိုးပင်း ချန်ပီယံဆုကိုပါ ရရှိခဲ့တာကြောင့် ဆာဘာလန်ကာ အတွက် အခုနှစ်ဟာ အောင်မြင်တဲ့ရာသီတစ်ခုကို ဖြတ်သန်း နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် WTA တိုးပြိုင်ပွဲတွေဖြစ်တဲ့ စင်စင်နာတီ နဲ့ အခုနောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဝူဟန်အိုးပင်း တင်းနစ် ပြိုင်ပွဲတွေမှာပါ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့် (၁) နေရာကို တက်ရောက်ခွင့် ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်(၁) တင်းနစ်မယ်တစ်ယောက်အနေနဲ့ တင်းနစ်ရာသီတစ်ခုအတွင်း WTA 500 အမျိုးအစားပြိုင်ပွဲ ၆ ခုကို ပါဝင်ယှဉ်ပြိုင် ရမယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆွီယာတက်ခ်ကတော့ ပင်ပမ်းနွမ်းနယ်မှုကို အကြောင်းပြပြီး အာရှမှာ ကျင်းပတဲ့ WTA Tour ပြိုင်ပွဲ တွေကို လွဲချော်ခဲ့တာကြောင့် ဆာဘာလန်ကာကို ကမ္ဘာ့အဆင့်(၁)နေရာ လွှဲပေးလိုက်ရတာဖြစ်ပါတယ်။ တင်းနစ် ရာသီအကုန် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ WTA ဖိုင်နယ်ပြိုင်ပွဲကတော့ ဆာဘာလန်ကာ နဲ့ ဆွီယာတက်ခ် တို့ရဲ့ ကမ္ဘာ့အဆင့်(၁) နေရာနဲ့ ၂၀၂၄ ခုနှစ်ကို နှုတ်ဆက်နိုင်ရေး အဆုံးအဖြတ်ပွဲဖြစ်လာနိုင်ပါတယ်။ (NVS 008)