“ဘီလူးငါးကောင်နှင့် ဆာဒူးကြီး ဆေးမှုန့်များကို သုံးစွဲရန်မသင့်လျော်ကြောင်း အသိပေးကြေညာ”

23 Oct

ကျန်းမာရေးဝန်ကြီးဌာနက အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေး လျက်ရှိရာ ဘီလူးငါးကောင်အမှတ်တံဆိပ် အမျိုးသားအကြောသန်အားတိုးဆေးမှုန့်နှင့် ဆာဒူးကြီးအမှတ် တံဆိပ် အမျိုးသားအကြောသန် အားတိုးဆေးမှုန့် တို့ကို သုံးစွဲရန်မသင့်လျော်ကြောင်း အသိပေးကြေညာခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးရာမှာ ဈေးကွက်အတွင်း တွေ့ရှိရတဲ့ ဘီလူးငါးကောင်အမှတ်တံဆိပ် အမျိုးသားအကြောသန်အားတိုးဆေးမှုန့်နှင့် ဆာဒူးကြီးအမှတ်တံဆိပ် အမျိုးသားအကြောသန် အားတိုးဆေးမှုန့်တို့ဟာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်ရရှိထားပေမယ့် ဈေးကွက်မှာ တိုင်းရင်းဆေးဝါး မှတ်ပုံတင်စဉ်က တင်ပြထားသော ဆေးဖုံ၊ ဖော်စပ်နည်းနှင့်အညီ မဟုတ်ဘဲ ဖော်စပ်ထားသော တိုင်းရင်းဆေးဝါး (စံမညီတိုင်းရင်းဆေးဝါး)ဖြစ်ခြင်း၊ သတ်မှတ်ချက် ၁၀ ချက်ပြည့်စုံမှန်ကန်မှုမရှိခြင်းနှင့် ဓာတ်ခွဲစစ်ဆေး စမ်းသပ်ချက် အရ အနောက်တိုင်းဆေး Sildenafil ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးထားခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းများနှင့် ဆေးဝါးရောင်းချတဲ့ ဆေးဆိုင်များအနေနဲ့ တိုင်းရင်းဆေးပညာဦးစီးဌာနမှာ မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီ တိုင်းရင်းဆေးဝါးများ၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားတဲ့ တိုင်းရင်းဆေးဝါးများ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းများကို ကျင့်ဝတ်(Ethic)အရ လုံးဝ(လုံးဝ)မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါး ဥပဒေပုဒ်မ(၃၁)၊ (၃၂)အရ တရားစွဲဆိုအရေးယူမည်ဖြစ်တယ်လို့ အသိပေးထားပါတယ်။ (NVS 008)

23 Oct

ADVERTISE HERE .