“လာအို-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး”

23 Oct

လာအို-မြန်မာ နှစ်နိုင်ငံအကြား အခြေခံကျသော အလုပ်သမားရေးရာ အခြေခံမူများနှင့် အလေ့အထများ ချမှတ်သွားရန်အတွက် လာအိုနိုင်ငံ အလုပ်သမားနှင့်လူမှုဝန်ထမ်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီး ဌာနတို့အကြား နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို အောက်တိုဘာလ ၁၂ ရက်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။ လာအိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ လာအို-မြန်မာနှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဝန်ကြီး အဆင့်အစည်းအဝေးအပြီးမှာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက ရွှေ့ပြောင်းအလုပ်သမားများက နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသော လုပ်အားသယံဇာတဖြစ်ပြီး၊ မူရင်းနိုင်ငံနှင့် လက်ခံသည့်နိုင်ငံများ၏ စီးပွားရေး၊ လူမှုရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အထောက်အကူပြုနေသူများဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာမှာ အလုပ်သမားများ၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် နေရာချထားရေး၊ လူမှုဖူလုံရေး၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စတဲ့နယ်ပယ်များပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် “မြန်မာ့အလုပ်သမားရေးရာနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ မျှဝေခြင်း” ကဏ္ဍမှာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်များကို ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်ပရောက် မြန်မာအလုပ်သမားများကို ကူညီဆောင်ရွက်နိုင်ရန် ကိုရီးယား၊ ထိုင်း၊ မလေးရှားနှင့် ဂျပန်နိုင်ငံတို့မှာ အလုပ်သမားသံအရာရှိများ ခန့်အပ်ထားပြီး၊ သံအရာရှိ ခန့်အပ်နိုင်ခြင်းမရှိသေးတဲ့ နိုင်ငံများမှာ မြန်မာသံရုံးများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေကို ခေတ်နှင့်အညီ ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ( NVS 008)

23 Oct

ADVERTISE HERE .