“အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့တဲ့ လီဗာပူးလ်အသင်း”

22 Oct

အောက်တိုဘာလ ၂၀ ရက်က ချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်၌ အနိုင်ရရှိခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ ခြေစွမ်းကောင်းနေတဲ့ အသင်းနှစ်သင်း တွေ့ဆုံတဲ့ပွဲစဉ်ဖြစ်တာကြောင့် အကြိတ်အနယ်ရှိခဲ့ပေမယ့် လီဗာပူးလ်အသင်းက နိုင်ပွဲရအောင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှင်လီဗာပူးလ်အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်ကို အနိုင်ရအောင် အကောင်းဆုံးပြင်ဆင်လာခဲ့ပြီး ဒီယက်ဇ် အစား ဂတ်ပို ပါဝင်လာတာကလွဲလို့ အသင်းရဲ့အဓိကကစားသမားတွေကိုသာ ပွဲထွက်စာရင်းမှာ အသုံးပြုလာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကလည်း အခုပွဲစဉ်ကို ရလဒ်ကောင်းရအောင် ပြင်ဆင်လာခဲ့ပေမယ့်လည်း နောက်တန်းကစားပုံ အမှားအယွင်းတွေကြောင့် လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။ လီဗာပူးလ်အသင်းအတွက် ဂိုးတွေကို ပွဲချိန် ၂၉ မိနစ်မှာ ပင်နယ်တီကတစ်ဆင့် ဆာလတ် က သွင်းယူပေးခဲ့ပြီး ပွဲချိန် ၅၁ မိနစ်မှာ ကာတစ်ဂျုံးစ် က ဒုတိယဂိုးသွင်းယူပေးခဲ့တာပါ။ ချဲလ်ဆီးအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၄၈ မိနစ်မှာ ဂျက်ဆန် က သွင်းယူပေးခဲ့ပါတယ်။ လီဗာပူးအသင်းဟာ အခုပွဲစဉ်မှာ အနိုင်ရခဲ့ တာကြောင့် ပရီးမီးယားလိဂ် ၈ ပွဲကစားပြီးချိန်မှာ ၇ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၂၁ မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ (NVS 008)

22 Oct

ADVERTISE HERE .