“အားကောင်းသော လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်”

22 Oct

အောက်တိုဘာလ ၂၁ ရက်ညနေ ၄ နာရီခွဲတိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ် ပိုမိုအားကောင်း လာကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါအားကောင်းသော လေဖိအားနည်းရပ်ဝန်းက အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ အောက်တိုဘာလ ၂၂ ရက်(ယနေ့)မှာ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ အောက်တိုဘာလ ၂၃ ရက်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်ကာ အောက်တိုဘာလ ၂၄ ရက်တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်-အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ)သို့ ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်ကာ အောက်တိုဘာလ ၂၅ ရက် နံနက်အစောပိုင်းတွင် ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့နှင့်ဆာဂါကျွန်းတို့အကြားမှ ဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်းထား ပါတယ်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် နောက် ၃ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာ ကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။ ဧရာဝတီမြစ်ရေအပါအဝင် နိုင်ငံတစ်ဝန်းရှိ မြစ်ရေများ ယခုလအတွင်း နောက်တစ်ကြိမ်မြင့်တက် လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဉီးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ (NVS 003)

22 Oct

ADVERTISE HERE .