“အောက်တိုဘာလကုန်တွင် လန်ပိကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်ရှိ ဝါးအလယ်ကျွန်းအပန်းဖြေစခန်းဖွင့်မည်”

21 Oct

လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်ရှိ ဝါးအလယ်ကျွန်းအပန်းဖြေစခန်းကို အောက်တိုဘာလကုန်ပိုင်းမှာ ဖွင့်လှစ်သွားမယ်လို့ ဥယျာဉ်ရဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။ ဝါးအလယ်ကျွန်း အပန်းဖြေစခန်းဟာ ကော့သောင်းမြို့မှ ရေမိုင် ၆၀ အကွာတွင်တည်ရှိပြီး နိုင်ငံခြားသားခရီးသွားများ အထူးစိတ်ဝင်စားရာနေရာတစ်ခု ဖြစ်ပါတယ်။ ဥယျာဉ်တာဝန်ရှိသူက အပန်းဖြေစခန်းကို ရာသီဥတုကောင်းမွန်သည့် အောက်တိုဘာလကုန်မှသာ စတင်ဖွင့်လှစ်ရခြင်းဖြစ်ပြီး နိုင်ငံခြားခရီးသွားများ လာရောက်မှုများပြားကြောင်း ပြောပါတယ်။ ဝါးအလယ်ကျွန်းဟာ သစ်တောဦးစီးဌာန မြေပေါ်မှာငှားရမ်းပြီး ဖွင့်လှစ်ထားတဲ့ အပန်းဖြေစခန်းတစ်ခု ဖြစ်ပြီး ခရီးသွားအေဂျင်စီများမှ ကော့သောင်းမြို့မှ လာရောက်တဲ့ နိုင်ငံခြားသားခရီးသွားများကို နေ့ချင်းပြန်ခရီးစဉ် အဖြစ် စီစဉ်ပေးလေ့ရှိတဲ့ ကျွန်းလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လန်ပိကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်နှင့် ကျွန်းနံသာအဏ္ဏဝါအမျိုးသားဥယျာဉ်ဟူ၍ အဏ္ဏဝါဥယျာဉ်ကြီး ၂ ခုရှိပြီး လန်ပိကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်ဟာ အလျားမိုင် ၃၀၊ အနံ ၇ မိုင်ရှိကာ ရေပျော်ငှက်နှင့် ဒေသမျိုးရင်းငှက် ၂၈၈ မျိုး၊ ပုလင်းနှုတ်သီး လင်းပိုင်နှင့် အောက်ချင်းငှက်အပါအဝင် ရှားပါးမျိုးစိတ်များ ရှင်သန်ကျက်စားလျက်ရှိ၍ အာဆီယံအမွေအနှစ် ဥယျာဉ်တစ်ခု အဖြစ်ရှိနေပါတယ်။ ဒါ့အပြင် လန်ပိကျွန်းသို့ လာရောက်ကြတဲ့ နိုင်ငံခြားသားခရီးသွားများကလည်း ဗီဇာပေါ်မူတည်ကာ တစ်ပတ် ၁၀ ရက်ခန့် တည်းခိုကြပြီး သဘာဝသစ်တောအလှကြည့်ခြင်း၊ ကနူးလှေစီးခြင်း၊ တောတွင်းလမ်း လျှောက်၍ ငှက်ကြည့်ခြင်း၊ ရေအောက်အလှနှင့် သန္တာကျောက်တန်းများကြည့်ခြင်း၊ လှိုင်းစီးခြင်းနှင့်ဒိုင်ဗင်ထိုး ခြင်း၊ ဆလုံတိုင်းရင်းသားတို့ရဲ့ လူနေမှုဘဝပုံစံကိုလေ့လာခြင်းနှင့် ငှက်နှင့်ပင်လယ်ရေမှော်များ လေ့လာခြင်းစတဲ့ ဝါသနာအလိုက် နှစ်သက်ရာအပန်းဖြေခြင်းများကို ပြုလုပ်ခြင်းဖြင့် နိုင်ငံခြားခရီးသွားများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့တယ်လို့ သိရပါတယ်။(NVS-008)

21 Oct

ADVERTISE HERE .