နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဗုဒ္ဓ ဘာသာ ကိုယ်စားလှယ်အဖွဲ့ ဆဋ္ဌမအကြိမ် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်သို့ တက်ရောက်ခဲ့

20 Oct

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့မင်းကျောင်း ပထမပြန် စာသင်တိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာ ဘိဝံသ အမှူးပြုသော ဆရာတော်ကြီးကိုးပါး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း နှင့် ဗုဒ္ဓဘာသာ ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၁၅ ရက် မှ ၁၇ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျဲ့ကျန်းပြည်နယ်၊ နင်းဘိုမြို့၊ ရွှယ်တုံးတောင်၌ ကျင်းပြုလုပ်တဲ့ ၂၀၂၄ ခုနှစ် ဆဋ္ဌမအကြိမ် ကမ္ဘာ့ဗုဒ္ဓဘာသာ ဖိုရမ် သို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၁၉ ရက်မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ တွေ့ဆုံပွဲတွင် The Buddhist Association of China ဥက္ကဋ္ဌဆရာတော် Yan Jue က နောင်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဗုဒ္ဓဘာသာဆိုင်ရာ ဆွေးနွေးပွဲများ ကောင်းမွန်စွာ ကျင်းပနိုင်ရေး စီစဉ်သွားမှာ ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဖိုရမ်သို့ ကြွရောက်လာသော ဥက္ကဋ္ဌဆရာတော်ကြီးနှင့် အဖွဲ့ဝင်ဆရာတော်များ အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး အတွေ့အကြုံကောင်းများပြည့်ပြည့်ဝဝရယူနိုင်ကြပါစေကြောင်း ဆွေးနွေး ပြောကြားခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက တရုတ် နိုင်ငံ၌ ယခုလိုဗုဒ္ဓဘာသာနှင့် ပတ်သက်သောအစည်းအဝေးကြီးအား ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်များ စုပေါင်းပြီး ညီညီ ညွတ်ညွတ်ပြုလုပ်ခြင်းဟာ မိမိတို့ ဗုဒ္ဓဘာသာအတွက် တိုးတက်ကြီးပွားကြောင်းဖြစ်သည့် အကြောင်းတရား တစ်ခု ဖြစ်ကြောင်း၊ အခါအခွင့်သင့်ပါက တရုတ်နိုင်ငံမှ စွယ်တော်မြတ်အား မြန်မာနိုင်ငံသို့ ပင့်ဆောင်လိုပါကြောင်း ဆွေးနွေး လျှောက်ထားခဲ့တယ်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့ဟာ အောက်တိုဘာလ ၁၈ ရက်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် China Association for International Friendly Contact ဒုတိယဥက္ကဋ္ဌ Mr. Luo Yu Hai ၊ Southern China Association for International Friendly Contact ဒုတိယဥက္ကဋ္ဌ Mr. Liu Xiao Ming ၊ Yunnan Association for International Friendly Contact ဥက္ကဋ္ဌ Mr. Chen Tao နှင့် တွေ့ဆုံ၍ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ် များ ပိုမိုတိုးတက်အောင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS-008)

20 Oct

ADVERTISE HERE .